ပေါက်တောမြို့ကို AA ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ စစ်စခန်းများ မြို့ကိုစွန့်ခွာ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပေါက်တောမြို့အတွင်းရှိ စစ်ကောင်စီတပ်များ နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းအချိန်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်စခန်းများကို စွန့်ခွာထွက်သွားကြသည့်အတွက် မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်တောမြို့တွင် ယမန်‌နေ့က တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လာရောက်ခေါ်ယူသည့် စစ်ရေယာဉ် ကိုပါ AA က ပိတ်ဆို့တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားပြီး အရှင်ဖမ်းဆီးရမှုများရှိကြောင်း သိရသည်။

“ပေါက်တောမှာ စစ်သားတစ်ယောက်မှ မရှိတော့ဘူး။ ရသေ့တောင်နဲ့ ကျောက်တော်မှာပါ AA တပ်တွေက သိမ်းနိုင်သလောက်ဖြစ်နေပြီ”ဟု ရခိုင်ဒေသခံတစ်ဦး ကပြောသည်။

လက်ရှိတွင် စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ပေါက်တောမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိပြီး လေကြောင်းနှင့် ရေကြောင်းတို့ဖြင့်လည်း အပြင်းအထန်ခုခံကာကွယ်လျက်ရှိကြောင်း သိရသည်။

အလားတူ မင်းပြားမြို့ပေါ်သို့လည်း ဂျက်ဖိုက်တာဖြင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် လျက်ရှိပြီး လူနေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ရကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထား သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *