မိုးမိတ်မြို့ကို စစ်ကောင်စီက လက်လွှတ်ရသဖြင့် လေကြောင်းနှင့် လက်နက်ကြီးများပစ်ခတ်၍ မြို့ကို စစ်တပ်က မီးလောင် တိုက်သွင်းဖျက်ဆိးနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ မိုးမိတ်မြို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရသဖြင့် မြို့ကို လေကြောင်းမှ တစ်ဆင့် ပစ်ခတ်တိုက်ခိုက်၍ လည်းကောင်း၊ လက်နက်ကြီးများ ပစ်ခတ်၍ လည်းကောင်း ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများကပြောဆိုသည်။

မိုးမိတ်မြို့နယ်ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ၊ TNLA နှင့် PDF တပ်များက ယခု ဇန်နဝါရီလဆန်းကတည်းက တောက်လျှောက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၄ နာရီမှစတင်ပြီး မိုးမိတ်မြို့နယ် ရဲစခန်းနှင့် တပ်ရင်း ၃ ခု၊ စစ်တပ်၏ အခြေချဗျူဟာတို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိတွင် တော်လှန်ရေးတပ်များက မိုးမိတ်မြို့ရဲစခန်း နှင့် မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော စခန်းများကို သိမ်းပိုက်ရရှိထားကြောင်း၊ မိုးမိတ်မြို့၏ နေရာအများစုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားကြောင်း၊ စစ်တပ်က မိုးမိတ်မြို့တစ်ခုလုံးကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မြို့ကို ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

“မြို့ပေါ် ရဲစခန်းကတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ကတည်းက သိမ်းထားတာ။ မြို့တွင်းထဲကနေ စစ်တပ်က ဆုတ်ခွာပြေးပြီးတော့ လေယာဉ်နဲ့ ဗုံးကျဲတယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်။ မိုးမိတ်မြို့မစျေးကြီး မီးလောင်တယ်။ ဘုန်းကြီးကျောင်းတွေလည်းပျက်စီးတယ်။ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ လည်း များပါတယ်။ အတိအကျတော့ စာရင်းနဲ့မရသေးဘူး။ မိုးမိတ်မြို့နယ်တစ်ခုလုံး မသိမ်းနိုင်သေးပေမယ့် မိုးမိတ်မြို့ကိုတော့ တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားပြီ” ဟု မိုးမိတ်မြို့ခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် တိုက် ခိုက်မှုများကြောင့် ပြည်သူတချို့၏ အလောင်းများ လမ်းပေါ်နှင့် အဆောက်အဦ များတွင် ရှိနေပြီး ဒဏ်ရာရရှိသူများလည်း များပြားကြောင်း၊ ဒဏ်ရာရရှိသူများ မှာလည်း ဆေးဝါး ကုသခွင့် မရသေးဘဲ ကျန်းမာရေးဆိုးဝါးနေ ကြောင်း၊ ပိတ်မိ နေ သည့် ပြည်သူများလည်း ရှိနေကြောင်း သိရှိရသည်။

မိုးမိတ်မြို့နယ်တွင် ခမရ ၃၄၈၊ ခလရ ၂၇၆ ၊ ခလရ ၂၂၃ တပ်ရင်း ၃ ခုနှင့် အခြေ ချ ဗျူဟာရှိနေပြီး ယင်းတပ်ရင်း ၃ ခုနှင့် အခြေချဗျူဟာတို့က မိုးမိတ်မြို့နယ် မကျ စေရေး အပြင်းအထန်ခုခံနေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *