ကျောက်မဲမြို့ကို စွန့်ခွာပြီး ပြန်လည်ရောက်ရှိလာသည့် Non CDM ဝန်ထမ်းများ စစ်ကောင်စီတပ် လုံခြုံရေးဖြင့် ရုံးများတွင် တိတ်တဆိတ်ပြန်လည်လုပ်ကိုင်နေ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ ရှိ စစ်ကောင်စီလက်အောက်ခံ Non CDM များသည် မြို့ကို စွန့်ခွာထွက်ပြေးပြီးနောက် ယခု ဇန်နဝါရီလ တတိယပတ်ကစတင်၍ ကျောက်မဲ မြို့သို့ ပြန်လည်ရောက်ရှိလာကာ စစ်ကောင်စီတပ်၏ လုံခြုံရေးဖြင့် ဌာနဆိုင်ရာရုံး များတွင် ပြန်လည် လုပ်ကိုင်နေကြောင်း သိရသည်။

Non CDM ဝန်ထမ်းများ အလုပ်ပြန်လည်လုပ်ကိုင်နေသည့် ဌာနဆိုင်ရာရုံးများမှာ ကျောက်မဲခရိုင်ရဲရုံး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ စည်ပင်ရုံး အပြင် မြန်မာ့စီးပွားရေးဘဏ်တွင်လည်း စစ်ကောင်စီတပ်၏ လုံခြုံရေးဖြင့် ပြန်လည် လုပ်ကိုင်နေကြောင်း ဒေသခံများထံက သိရသည်။

”ရုံးတွေက တရားဝင်ဖွင့်တာမျိုးတော့ မဟုတ်ဘူး၊ စစ်တပ်ကလည်းလုံခြုံရေးက ယူ‌ပေးထားတော့။ အရပ်ဝတ်တွေနဲ့ တိုးတိုးတိတ်တိတ်လာပြီး ရုံးတွေမှာ အလုပ်တွေ ပြန်လည်ပတ်နေတာ။ ရုံးတက်နေတာကို စပြီးမြင်ရတာက ဒီရက်ပိုင်းပဲ၊ မကြာသေးဘူး” ဟု ကျောက်မဲမြို့ရှိ မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် ကျောက်မဲမြို့ Non CDM များသည် မိုင်းငေါ့လမ်းဘေးရှိ ခမရ-၅၀၁ သို့ ပြောင်းရွှေ့ သွားပြီးနောက် ယခုအခါတွင် လုံခြုံရေးဖြင့် ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိကာ ရုံးလုပ်ငန်းများ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ကျောက်မဲမြို့သည် တိုက်ပွဲနယ်မြေ ဖြစ်တော့မည်ဟု စစ်ကောင်စီ၏ထိပ်ပိုင်း ခေါင်းဆောင်များ ပြောဆိုပြီးနောက် စစ်ကောင်စီ လက်အောက်ခံ Non CDM များနှင့် မိသားစုဝင်များသည် ဇန်နဝါရီ ၉ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ကျောက်မဲမြို့ကို စွန့်ခွာကာထွက်ပြေးခဲ့ပြီး ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

လက်ရှိ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် အကူအညီတောင်ခံမှုကြောင့် ရှမ်းပြည် တပ်မတော် (RCSS) တပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်ရောက်ရှိနေပြီးနှင့် စစ်ကောင်စီ တပ်သားများနှင့်ပူးပေါင်းကာ ကျောက်မဲမြို့အတွင်းရှိ အင်ကြင်းတောင် ကုန်းတွင် နေရာယူတပ်စွဲထားကြောင်း ကျောက်မဲမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *