စစ်ခေါင်းဆောင်က “တရားသောစစ်နိုင်ရမည်” ဟုဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်သားများကို ဝက်သစ်ချသားဖြင့်ပြုလုပ်ထားသည့် လက်ပုတီးများဝတ်ဆင်စေ၍ ယတြာချေ ပဌာန်းရွတ်ခိုင်း

မန္တလေးတိုင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်သားများကို စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခုနှစ်လုံးပါ အဆောင်လက်ပုတီးများ ဝတ်ဆင်ခိုင်း၍ ယတြာချေခိုင်းပြီး ပဌာန်းများရွတ်ခိုင်းနေကြောင်း တပ်တွင်းသတင်း ရင်းမြစ်များ ထံကသိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်သားများသည် ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစတင်ပြီး အဆောင်လက်ပုတီးများဝတ်ဆင်၍ ပဌာန်းနှင့် ဓာရဏ ပရိတ် တရားများ အပါအဝင် အောင်ခြင်းရှစ်ပါး ဂါထာ၊ ပဠာန်း၊ ပရိတ်ကြီး ၊ဓာရဏပရိတ်များကို ရွတ်ဖတ်ပြီး ယတြာချေနေခြင်းဖြစ်ကြောင်းသိရသည်။

“ကာချုပ်က လက်ပုတီးတွေကို ယတြာအနေနဲ့ ပေးထားတာ၊ စစ်သားတွေ အကုန်ဝတ်ရတယ် ရန်ကုန်ကို သူကိုယ်တိုင်သွားပြီးယူလာတာ။ အခုကခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ယတြာတွေချေ ခိုင်းလုပ်နေတာ။ တပ်ထဲမှာလည်း တော်တော်လေး ပြိုကွဲနေတယ်။အခုက ကာချုပ်ခရီးထွက်ရင် လမ်းကြောင်နှစ်နေရာပြပြီး တစ်နေရာ ကိုပဲ ခိုးကြောင်ခိုးဝှက်ပဲသွားတော့တယ်” ဟု နေပြည်တော်ရှိ စစ်ကောင်စီတပ်အရာရှိ တစ်ဦးကပြောသည်။

အဆိုပါ လက်ပုတီးများသည် ၀က်သစ်ချသားနှင့်ပြုလုပ်ထားပြီး ၀ဇီပိတ်ဘုန်းကြီးမှ တရုတ်နိုင်ငံတွင် သွားရောက်ယူဆောင်၍ ဦးနေ၀င်းတည်ခဲ့သည့် ဘုရားတွင် မန်းဆေးတင်‌ သိန္ဓိအောင်နေသည့် အစီအရင်များဖြစ်သည်ဟုဆိုကာ စစ်ခေါင်းဆောင်ကိုယ်တိုင်သွားရောက်ယူဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“သူက ဒါတွေအရမ်းယုံကြည့်တော့ ယတြာချေတာတွေကတော့ နေ့တိုင်းလိုလို လုပ်ပေးရတယ်။ တပ်ထဲမှာ လောလောဆယ်က တပ်တွင်းအကွဲအပြဲအများကြီး ဖြစ်လာနေတယ်။ ခုရက်တွေက အမျိုးသားရေးသမားတွေနဲ့လည်း အကြီးအကျယ်ပြ ဿနာတက်နေကြတာ။ လားရှိုးတို့ ကျိုင်းတုံတို့ဘက်က တိုင်းမှူးတွေကအစ ကာချုပ်ကို အယုံအကြည်မရှိတော့ဘူး။ နောက်ပိုင်းစစ်တပ် ဒီထက်ပိုဆိုးလာနိုင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့uလည်း နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ မြို့တော်ထိပ်ပန် မင်္ဂလာစေတီတော် အထက်ဌာပနာသွင်းခြင်းနှင့် ရွှေထီးတော်တင်ခြင်း အခမ်းအနားကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့တက်ရောက်ခဲ့ပြီး ဘုရားပေါ်က အဆင်းတွင် စစ်ခေါင်းဆောင်၏ ဖနောင့်သံဆူးခဲ့သည့် အတွက် အစိုးရိမ်လွန်ကာ ယတြာချေခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် စစ်ခေါင်းဆောင်၏ အခါတော်ပေးဆရာ မင်းကုသပဆိုသူက စစ်ခေါင်းဆောင် လုပ်ကြံခံရနိုင်အ‌ခြေအနေမျိုး မြင်နေရသည်ဟု ဟောကိန်းကြောင့် ယတြာချေမှုများကို အပြင်းထန်ဆက်တိုက် လုပ်ဆောင်လျက်ရှိနေကြောင် သိရှိရသည်။

ဓာတ်ပုံ-အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပဌာန်းရွတ်ပြိုင်ပွဲပြုလုပ်နေစဥ်(ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *