ရခိုင်ပြည်နယ် မြို့နယ် ၇ ခုတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ်ရင်းအချို့ကို AA ထပ်မံ သိမ်းပိုက်

ရခိုင်ပြည်နယ် မြို့နယ်ခုနစ်ခုတွင် ယနေ့ ဇန်နဝါရီ ၂၁ ရက်၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ် တော်(ULA/AA)တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး ယမန်နေ့က စစ်ကောင်စီ၏ တပ်ရင်း အချို့ကို ထပ်မံသိမ်းပိုက်ထားနိုင်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တော၊ ရမ်းဗြဲနှင့် အမ်းမြို့နယ်တို့ တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။

“ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးနေတဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့စခန်းတွေ၊ အထူး သဖြင့် လက်နက်ချအညံ့မခံဘဲ ခေါင်းမာနေတဲ့စခန်းတွေကို ကျနော်တို့ရက္ခိုင့်တပ်တော်က ဆက်လက် ချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ထို့ပြင် ယမန်နေ့ညပိုင်းကထုတ်ပြန်သည့် ညီနောင်မဟာမိတ်တို့၏ထုတ်ပြန်ချက်တွင် စစ်ကောင်စီ တပ်ရင်းများဖြစ်သည့် မြောက်ဦးအခြေစိုက် အမှတ် (၃၇၇)၊ (၃၇၈)၊ (၅၄၀)၊ မင်းပြားအခြေစိုက် အမှတ် (၃၇၉)၊ (၃၈၀)၊ (၅၄၁)၊ ကျောက်တော်အခြေစိုက် အမှတ် (၃၇၄)၊ (၃၇၅)၊ (၃၇၆) နှင့် ရသေ့တောင်အခြေ စိုက် အမှတ် (၅၃၆)၊ (၅၃၇)၊ (၅၃၈) တပ်ရင်းများ၌ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။ အဆိုပါတပ်ရင်းများအနက် တပ်ရင်းအချို့ကို ULA/AA မှ သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။

ULA/AA ၏ မြေပြင်သတင်းရင်းမြစ်အချို့ကမူ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းသုံးခုနှင့် ပေါက် တောမြို့နယ်မှ စစ်ကောင်စီတပ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောသည်။ သို့သော် ရခိုင်ပြည်နယ် အတွင်း တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည့်အတွက် မြေပြင်အခြေအနေများကို အသေးစိတ်အတည်ပြုနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

“တချို့နေရာတွေမှာတော့ ကျွန်တော်တို့ဘက်က သိမ်းပိုက်ထားနိုင်တာတွေရှိတယ်။ ဒါပေမယ့် တိုက်ပွဲ တွေ ဆက်လက်ပြင်းထန်နေတဲ့အခါမှာ အသေးစိတ်အချက်အလက်တွေတော့ ရောက်မလာသေးဘူး” ဟု ဦးခိုင်သုခမှ ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များ ပြားကြောင်းနှင့် စစ်ကောင်စီကျဆုံးခန်းရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဦးခိုင်သုခကဆိုသည်။

“ဖက်ဆစ် စစ်ကောင်စီဖက်က အကျအဆုံးများပါတယ်၊ စစ်ပွဲကာလဖြစ်တဲ့အတွက် အင်အား ဘယ် လောက်ပြုန်းတီးသွားပြီလဲဆိုတဲ့ ကိန်းဂဏန်းအတိအကျပြောဖို့ကတော့ ခက်ပါတယ်။ သေချာပေါက် ပြောနိုင်တာကတော့ အကြမ်းဖက်စစ်ကောင်စီဟာ ရက္ခိုင်စစ်မျက်နှာမှာ အင်အားတွေ အလျင်အမြန် ပြုန်းတီးနေသလို၊ လက်နက်အင်အားဆုံးရှုံးမှုနဲ့ စိတ်ဓါတ်ပျက်ပြားမှုတွေ အဆမတန်ဖြစ်ပြီးတော့ တနေ့ ထက်တနေ့ ကျရှုံးလာနေပြီဖြစ်ပါတယ်” ဟု ဦးခိုင်သုခကပြောသည်။

ယင်းသို့ အထိနာလျက်ရှိသောစစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများ နေထိုင် ရာနေရာများသို့ ဦးတည်တိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း သိရသည်။

ယခုသတင်းပတ်အတွင်း မင်းပြားမြို့နယ်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေအိမ်များသို့ စစ်ကောင်စီ တပ်က ဂျက်တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ Y12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ကို ကျူးလွန်လျက်ရှိကြောင်း မင်းပြားဒေသခံများနှင့် ဦးခိုင်သုခတို့က ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ထိ မင်းပြားမြို့ပေါ်တွင်နေထိုင်လျက်ရှိသည့် မဇ္ဈိမ၏ ဒေသခံသတင်းရင်းမြစ် အချို့မှာ လက်ရှိတွင် စစ်ကောင်စီ၏ ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများကြောင့် တိမ်းရှောင်နေ ကြရပြီဖြစ်သည်။

“စစ်ဖက်နဲ့မဆိုင်တဲ့ အရပ်ဖက်ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗင်းရှင်းကို ပြောင် ပြောင်တင်းတင်း ချိုးဖေါက်တာဖြစ်သလို လူသားမျိုးနွယ်အပေါ်မှာ ရည်ရွယ်ချက်ရှိရှိကျူးလွန်တဲ့ စစ်ရာဇ ဝတ်မှုလည်းဖြစ်ပါတယ်” ဟု ရက္ခိုင့်တပ်တော်(AA) ၏ ပြောခွင့်ရသူ ဦးခိုင်သုခကပြောသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်လျက်ရှိသည့် မြို့နယ်များတွင်သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိ သော မြို့နယ်အချို့တွင်လည်း စစ်ကောင်စီတပ်က အရပ်သားများနေထိုင်ရာသို့ဦးတည်ကာ လက်နက် ကြီး ပစ်ခတ်မှုများကျူးလွန်လျက်ရှိကြောင်းလည်း ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်များတွင် ဖော် ပြထားသည်။

ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီ၏ တပ်စခန်း ၁၀၀ ကျော်ကို AA က သိမ်းယူထားပြီးဖြစ်ကြောင်း ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်များအရသိရှိရသည်။ ထို့ပြင် ရက္ခိုင့်တပ်တော်မှ စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် ချင်းပြည် နယ်၊ ပလက်ဝမြို့နယ်ကိုလည်း ယခု ဇန်နဝါရီလအတွင်း စစ်ကောင်စီအနေဖြင့် လက်လွှတ်ခဲ့ရပြီးဖြစ် သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *