လောက်ကိုင်ပြန် ဗိုလ်မှူးချုပ် ၆ ဦးအနက် ၃ ဦးကို သေဒဏ်ချမှတ်ကာ ကျန် ၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ဟု ကနဦး သိရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တိုက်ပွဲအတွင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ထံ လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးအနက် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ၃ ဦးအား စစ်ကောင်စီမှ သေဒဏ်ချမှတ်ခဲ့ပြီး ကျန် ဗိုလ်မှူးချုပ် ၃ ဦးကိုမူ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမျတ်ခဲ့သည်ဟု တပ်တွင်း သတင်းရင်းမြစ်တစ်ဦး၏ ကနဦး သတင်းပေးပို့မှုအရ သိရသည်။

ဇန်နဝါရီလ ၅ ရက်တွင် MNDAA ထံ လက်နက်ချခဲ့သည့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) မှ ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ကိုးကန့်ဒေသ စစ်ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ အမှတ် ၁၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး တို့ကို စစ်ကောင်စီမှ လာရှိုးမြို့သို့ ပြန်လည်ခေါ်ဆောင်ကာ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်တရားရုံးတွင် အရေးယူရန် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

“ထွန်းထွန်းမြင့်နဲ့ ၃ဦးက သေဒဏ် ကျန် ၃ဦးက တစ်သက်တစ်ကျွန်းလို့ ကြားတယ်၊ မနက်ဖြန်တော့ သေချာသိရမယ်၊ ဒီနေ့ (ဇန်နဝါရီ ၂၀ရက်နေ့) မှ သတင်းရတာ”ဟု တပ်တွင်း သတင်းရင်းမြစ်မှ ပြောသည်။

လောက်ကိုင်တိုက်ပွဲအတွင်း MNDAA ထံ လက်နက်ချခဲ့သည့် အရာရှိစစ်သည် ၂၃၉၅ဦးထိ ရှိပြီး ညီနောင်မဟာမိတ်အဖွဲ့မှ ၎င်းတို့သွားလာလိုသည့် နေရာများအား ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားခဲ့ပြီး ဗိုလ်မှူးချုပ် ၆ ဦးမှာမူ ဇန်နဝါရီ ၆ရက်နေ့တွင် လာရှိုးမြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်သွားခဲ့ကြောင်း သိရသည်။

လက်နက်ချ ဗိုလ်မှူးချုပ် ၆ဦးအား သေဒဏ်ပေးခြင်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်မှုများကို စစ်ကောင်စီမှ လုပ်ဆောင်ခဲ့သည်ဟု ကနဦး သတင်းရရှိမှုအပေါ် အတည်ပြုရန် ကြိုးစားနေဆဲဖြစ်ပြီး နောက်ဆက်တွဲ သတင်းများအား ဆက်လက် ဖော်ပြသွားမည်ဖြစ်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *