တပ်ချုပ် ပြောင်းမှာသေချာလားး…

ဖေဖေါ်ဝါရီမှာ တပ်ချုပ်အပြောင်းအလဲ ဖြစ်မယ်ဆိုတာ ကြားရတော့ ရီချင်မိတယ်။

ဖြစ်နိုင်လား မဖြစ်နိုင်လား မဆုံးဖြတ်ခင်၊ စစ်တပ်ကို လက်မလွတ်ရဖို့အရေး မအလ ဘယ်လိုတွေ ကြိုးစားခဲ့ရသလဲ ဆိုတာ အရင်ကြည့်ကြဖို့ လိုတယ်။

မအလဟာ အသက် ၆၀ ပြည့်တော့ “တပ်မတော်သားတွေဟာ ထူးခြားတဲ့ဝိသေသ ရှိတဲ့အတွက် နောက်ထပ်၂နှစ်အထိ တာဝန်ထမ်းဆောင်ခွင့် ရှိတယ်” ပြောပြီး ပင်စင် မယူဘူး၊ NLD သမ္မတကလဲ မအလရဲ့ ကာချုပ်သက်တမ်းတိုးအတွက် တရားဝင်လက်မှတ်ထိုးပြီး မခန့်ခဲ့ပြန်ဘူး။ မအလဟာ သူဟာသူ သက်တမ်းတိုးပြီး တရားဝင် ကာချုပ်လိုလိုနဲ့ ဆက်လုပ်ခဲ့တယ်။ ၆၂ ပြည့်တော့ ကကန ညွှန်ကြားလွှာအရ ၆၅နှစ် အထိ ထမ်းဆောင်ခွင့်ရှိတယ်လို့ လုပ်ပြန်ရော၊ ၆၅ နှစ် ပြည့်ခါနီးတော့ “နိုင်ငံရဲ့အခြေအနေအရ” ကကန ညွှန်ကြားလွှာမှာ ပြဌါန်းထားတဲ့ ကာချုပ်ရဲ့ အသက်ကန့်သတ်ချက်ကို ဖျက်ပစ်လိုက်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မအလဟာ သေတဲ့အထိ စစ်တပ်ကို လက်လွတ် ပေးတော့မှာ မဟုတ်ဘူး။ ရာသက်ပန် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် အထိုင်ချပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဦးသန်းရွှေကြီး အာဏာတည်ဆောက်ခဲ့တဲ့ ပုံအတိုင်း သူနဲ့ လယ်ဗယ်တူတွေ၊ အပတ်စဥ် နီးတဲ့သူတွေကို တဆင့်ခြင်း ဖြုတ်ပြီး အပတ်စဥ် အရမ်းကွာတဲ့ ဗိုလ်ချုပ်အငယ်တွေကို နေရာပေးကာ တပ်အတွင်း အာဏာကိုလဲ အခိုင်အမာ တည်ဆောက်ထားပြီး ဖြစ်ပြန်တယ်။

ကဲပြော ဘယ်သူက မအလကို ဖြုတ်မှာလဲ….
(၁)ဒုချုပ် စိုးဝင်းလား
(၂) ဘရွှေကြီးနဲ့ စီနီယာတွေလား

စိုးဝင်းဟာ တပ်ထဲမှာ ဒုတပ်ချုပ်ဖြစ်သလို နစက ကောင်စီမှာလဲ ဒု ဝန်ကြီးချုပ်ဖြစ်တယ်၊ ဒါပေမယ့် တပ်ထဲမှာ စိုးဝင်းကလွှဲပြီး ကျန်တဲ့ စစ်ဗိုလ်ချုပ်တွေက မအလရဲ့ လူတွေချည်း ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့၊ ဒါကြောင့် စိုးဝင်းခမြာ တပ်နဲ့ပတ်သက်ရင် အမြီးတောင် လှုပ်လို့မရအောင် စောင့်အကြည့်ခံနေရပါတယ်။ နေရာတခုကို ဒီကနေ့ မအလလင်မယား သွားပြီးရင် နောက်နေ့မှာ စိုးဝင်း ရောက်လာရတယ်။ မအလ ပြောခဲ့တာတွေကို ထပ်ပြောပြီး စီမံပေးရတဲ့ ရုံးပြာတာအဆင့်ဆိုတာ သိစေချင်တယ်။

ဒါ့အပြင် နစက ကောင်စီမှာလဲ သူနဲ့ ပါဝါတူ ဒုဝန်ကြီးချုပ် ၆ယောက်ကို မအလက တမင်တကာ ရာထူးတွေ ပေးပြီး စိုးဝင်းရဲ့ ပါဝါကို ချပစ်ထားပါသေးတယ်။ ဒီတော့ကာ စိုးဝင်းဟာ အစိုးရအဖွဲ့ထဲမှာလဲ ဘာမှ လုပ်ပိုင်ခွင့် မရှိပြန်ဘူး။ အဲဒီတော့ စိုးဝင်းကို မေ့ထားလိုက်လို့ ပြောချင်တယ်။

ဟုတ်ပြီ၊ စိုးဝင်းကိုတော့ မေ့ထားပြီ၊ ဘရွှေကြီးနဲ့ စီနီယာကြီးတွေကရော..

ဘရွှေကြီးတို့အုပ်စုကို မအလ နိုင်တဲ့အကွက်က ၂၀၀၈ ခြေဥကြီးကို ထောင်ပြလိုက်ရုံပါပဲ။ ရုတ်ရုတ်ရုတ်ရုတ် လုပ်လာရင်၂၀၀၈ခြေဥကို ဘုတ်ဘုတ်မြည်အောင် ပုတ်ပြပြီး ဖျက်သိမ်းကြောင်းသာ ကြေညာလိုက်၊ ဘရွှေတို့ ဘပြောင်တို့ နေစရာတောင် ရှိတော့မှာ မဟုတ်ပါဘူး။

ဒါ့အပြင် မအလက ဘရွှေတို့ စီနီယာအုပ်စုရဲ့ တပည့်တွေကိုလဲ တပ်ကိုင်မရှိအောင် လုပ်ထားပြန်ပါတယ်။ မြထွန်းဦးတို့ ရာပြည့်တို့ကို ကြည့်ပါ။ တပ်ကိုင်မရှိတော့ရင် မအလကို ဘယ်လိုမှ လှန်နိုင်စရာအကြောင်း မရှိပါဘူး။ လှန်နိုင်တယ်ပဲ ထားအုံး၊ ၂၀၀၈ အရ တပ်ချုပ်ကို ဘယ်သူကမှ ဖြုတ်လို့ရော ထုတ်လို့ရော မရပါဘူး၊ တပ်ချုပ် အသစ်ဆိုတာကလဲ တပ်ချုပ်အဟောင်း မအလက ခန့်မှသာ ခြေဥအရ တရားဝင် ဖြစ်ပါမယ်။

ကာလုံကရော..!
ကာလုံကရောလို့ ဆိုရအောင် ကာလုံက မအလရဲ့အောက်မှာပါ၊ ဒါကြောင့် ကာလုံဆိုတာကို စိတ်ကူးမယဥ်ပါနဲ့၊ ကာလုံကို မျှော်လင့်တာဟာ ၂၀၀၈ခြေဥကို နားမလည်ရာ ကျပါတယ်။

အဲဒါတွေထက် အရေးအကြီးတဲ့အချက်က ဘရွှေကြီးရော၊ သိန်းစိန်ကြီးရော၊ မြင့်ဆွေတို့ရော၊ ရွှေမန်းတို့ရော စီနီယာအုပ်စုဝင် အားလုံးဟာ မအလရဲ့ လုံခြုံရေး အစီအမံအောက်မှာ နေနေရရှာပါတယ်။ မအလဆီက အာဏာကို ပြန်သိမ်းဖို့ မပြောနဲ့ အီးတောင် ကျယ်ကျယ် မပေါက်ရဲကြရှာဘူး။

ဒါကြောင့် ဖေဖေါ်ဝါရီမှာ တပ်ချုပ်အပြောင်းအလဲ ဖြစ်မယ် လို့ မမျှော်လင့်ပါနဲ့။ တပ်ချုပ် အသစ်ရှိခဲ့ရင်တောင် တပ်ချုပ်အသစ်ရဲ့ အထက်က “တပ်မတော်အတိုင်ပင်ခံ စစ်စေနာပတိချုပ်မူုးကြီး” ရာထူးကိုဖန်တီးပြီး မအလက ဆန့်ဆန့်ကြီးနဲ့ ခန့်ခန့်ကြီး ဆက်ထိုင်နေအုံးမှာပါ။

ချစ်ကိုကြီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *