သီလုံးကျေးရွာအား BNRA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပြန်လည်ရရှိရန် စစ်ကောင်စီ စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ် ၊သီလုံးကျေးရွာရှိ စစ်ကောင်စီ တပ်စွဲရာနေရာများအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်မြေစိုးမိုးမှုရရှိရန် စစ်ကောင်စီဘက်မှ ပြန်လည်စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည်ဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)ပြောဆိုခွင့်ရှိသူ ကိုဆာန်မှပြောသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ခန့်မှ စတင်ကာ မနက် ၂ နာရီ ဝန်းကျင်အထိ BNRA နှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုများမှ သီးလုံးရွာ အတွင်းရှိ စစ်ကောင်စီတပ်များ အထိုင်ချရာ နေရာများအား တိုက်ခိုက် ရှင်းလင်းခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည့်အပြင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် အချို့အား သိမ်းဆည်းရမိခဲ့သည်ဟု BNRA ပြောခွင့်ရ ကိုဆာန်မှ အတည်ပြုပြောကြားသည်။

“သူတို့ဘက်က အလောင်းတွေ့ရှိတာတော့မရှိဘူး၊ဒါပေမဲ့ လက်စလက်နနဲ့ သွေးကွက်တွေရှိတယ် ဘန်ကာတွေ ပြိုပျက်သွားတယ် ခဲယမ်းတချို့သိမ်းမိတာရှိတယ် စစ်ယူနီဖောင်းအကြွင်းအကျန်တွေ တွေ့ရတယ်”ဟု ကိုဆာန်မှ CJ Platform သို့ ပြောသည်။

ဗမာလွတ်မြောက်ရေး BNRA ၏ ထုတ်ပြန်ချက် အတွင်း၌မူ စစ်ကောင်စီ အထိုင်ချနေရာများမှ ဂျန်မာစက် ၁ လုံး၊ G3 ကျည်ဘောက် ၁ ခု၊ ကာဘိုင်ကျည်တောင့် ၅၀ တောင့်၊ ၅ဒဿမ၅၆ ကျည် ၃၅ တောင့် နှင့် စစ်ယူနီဖောင်း အချို့အား သိမ်းဆည်းရမိသည့်အပြင် စစ်သုံ့ပန်း အဖြစ် ၁၄ ဦးအား ဖမ်းဆီးရမိကာ BNRA နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ ဟု ရေးသားဖော်ပြထားသည်။

“ဖမ်းဆီးရမိတဲ့သူတွေရှိတယ် အဲ့ထဲမှာမှ ဘယ်သူကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဘယ်သူကတော့ ရွာသား ဆိုပြီး တိတိပပကိုတော့ မြို့နယ် ပ.လ.ဖ အဖွဲ့ရဲ့ စစ်ဆေးအတည်ပြုပြီးမှ သေချာ သိရမှာပါ”ဟု ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်မှ ပြောသည်။

သီးလုံးရွာအား BNRA မှ သိမ်းပိုက်ပြီးနောက် နယ်မြေခံ ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့များထံ တာဝန်များ လွှဲပြောင်းပေးခဲ့ကြောင်း၊ ယခုအခါ စစ်ကောင်စီတပ်များသည် ရွှေဘိုမြို့နယ် ပန်းရံကျေးရွာမှ တဆင့် အင်အား၁၀၀ ခန့် ပါ စစ်ကြောင်းနှင့်အတူ သီးလုံးရွာ အတွင်းသို့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း BNRA ပြောခွင့်ရ ကိုဆာန်၏ ထပ်မံ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် သီးလုံးရွာနှင့် မနီးတဝိုက် ဒေသခံကျေးရွာများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနဦးသတင်းရရှိခဲ့သော်လည်းသီးခြား အတည်ပြုနိုင်ခြင်း မရှိသေးချေ။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် ဗိုလ်နဂါးဦးဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) မှ ပြောင်းလဲဖွဲ့စည်းခဲ့သည့် အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD)၏ ကွပ်ကဲမှု လက်အောက်တွင် ရှိမနေဘဲ သီးခြား အဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးပျူကျေးရွာ(သလုံးကျေးရွာ)ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်မှုအတွင်း ပျူ ၃၀ ခန့်နှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးတာ၀န်ခံ ကိုဂျိုးဖြူက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်မှစတင်ထိုးစစ်ဆင်ခဲ့ရာတွင် နှစ်ဖက်ထိတွေ့မှု မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ပြီးနောက် ဇန်န၀ါရီလ ၂၁ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်ခန့်က ထိုပျူကျေးရွာကို စီးနင်း၀င်ရောက်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“တိုက်ခိုက်မှုအတွင်း ပျူ ၃၀ လောက်ဖမ်းမိတယ်။ အဲဒါတွေက အခုလက်ရှိ ပလဖရုံးမှာ ထိန်းသိမ်းထားတယ်။ လက်နက်ကတော့ ကာပိုင် တစ်လက်၊ ပြောင်းချော တစ်လက်၊ လက်လုပ် နှစ်လက် သိမ်းဆည်းရမိပါတယ်” ဟု ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးတာ၀န်ခံက ပြောသည်။

ယင်းတိုက်ခိုက်မှုကို Eye For Eye(SBO)၊ Shwebo Crocodile၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့၊ တံတားညီနောင်အဖွဲ့ ၊ ကျားညီနောင်၊ NDRF၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုက်နယ်(၂)တပ်ပေါင်းစုများက ပူးပေါင်းချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။
” သလုံး(သီလုံး)ရွာက ဒီတကြောမှာ ဦးဆုံးတပ်ဆွဲတာ။ အဲဒီရွာကနေ မြင်းချင်း၊ ဇီးဖြူကုန်း၊ ကျားရွာ၊ ပန်းရံရွာ၊ မင်္ဂလာရွာ တကြောလုံး ပျူရွာတွေပဲ။ သလုံးက အဲဒီထဲက အဓိကျတယ်။ မနေ့ကလည်း ပစ်သံတွေကြားတယ်။ ဒီနေ့ မနက်ပိုင်းလည်း သလုံးဘက်မှာ မြင်းချင်းက လာပစ်တယ်လို့ ကြားတယ်” ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ဇန်န၀ါရီလ ၂၂ ရက် နံနက်ပိုင်းတွင် ရွှေဘိုမြို့မှ စစ်သားများ ၁၀ ဘီးကားနှစ်စီးဖြင့် ပန်းရံပျူကျေးရွာသို့ ထပ်မံရောက်ရှိလာပြီးနောက် ထိုမှတစ်ဆင့် စစ်သားနှင့် ပျူ ပူးပေါင်းအင်အား ၁၅၀ ကျော်သည် သီလုံးကျေးရွာတွင် ပြန်လည်တပ်စွဲထားကြောင်း Eye For Eye(SBO)တပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

သီလုံးကျေးရွာသည် အိမ်ခြေ တစ်ထောင်ခန့်ရှိသော ကျေးရွာကြီးဖြစ်ပြီး ယခင်ကတည်းကပင်ထောက်ခံမှု ပါတီမတူညီမှုကြောင့် တောင်ပိုင်းနှင့် မြောက်ပိုင်းကွဲနေကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်းက စစ်ကောင်စီတပ်ရောက်ရှိလာကာ ပြည်ခိုင်ဖြိုးပါတီဝင်၏ နေအိမ်၌ စခန်းချတပ်စွဲခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အရပ်သားပြည်သူများကို ဖမ်းဆီးခြင်းများပါ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *