ကရင်နယ်ခြားစောင့်တပ် သီးခြားရပ်တည်ရေး ဒုတပ်ချုပ်နဲ့ ဗိုလ်မှူးကြီးစောချစ်သူဆွေးနွေး

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်ကောင်စီဆီကနေ လစာနဲ့ ရိက္ခာ မယူတော့ဘဲ သီးခြားရပ်တည်ဖို့ ဇန်နဝါရီလ ၂၃ ရက်မှာ စစ်ကောင်စီရဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တယ်လို့ BGF အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူကပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် လက်အောက်ခံတပ်ရင်း ၁၃ ရင်းက တပ်ဖွဲ့ဝင်တွေဟာ ကရင်လူမျိုးအချင်းချင်း တိုက်ခိုက်မှုတွေ မလုပ်ချင်ကြောင်း တင်ပြလာတာကြောင့် အခုလိုသီးခြားရပ်တည်ဖို့ စဉ်းစားတာလို့ ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဆီက လစာ၊ ရိက္ခာနဲ့ ပံ့ပိုးမူတွေ မယူချင်တော့တဲ့အကြောင်းကိုတော့ ဇန်နဝါရီလ ၁၃ ရက်မှာ တရားဝင် စာတင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး စောချစ်သူကပြောပါတယ်။

“မနေ့ကတော့ တွေ့ပါတယ်။ ညှိနှိုင်းဆွေးနွေးတဲ့အချက်တွေကို ဗိုလ်ချုပ်မှူးကြီးဆီ ပြန်တင်ပြီး ဒီကိစ္စကပြေလည်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကရင်အချင်းချင်း တိုက်ခိုက်နေကြတာ မလုပ်လိုတော့ဘူးဆိုပြီး လက်အောက်ငယ်သား တပ်ရင်းတွေကလည်း တင်ပြကြတယ်။ ဒါ့ကြောင့် လစာ၊ ရိက္ခာပံပိုးမှုကို ယူချင်တဲ့ဆန္ဒ မရှိတော့တဲ့အကြောင်း ဒီလ ၁၃ ရက်နေ့မှာ စာတင်ခဲ့တာပါ”

လက်ရှိအချိန်အထိ အဲဒီကိစ္စအတွက် ညှိနှိုင်းဆွေးနွေးနေပြီး စစ်ကောင်စီဘက်က ခွင့်ပြု၊ မပြုကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။ ဒီအပြင် စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ် ရာထူးတိုးပေးပြီး ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) အဖြစ် ခန့်အပ်တယ်ဆိုတာ မဟုတ်မှန်ဘူးလို့လည်း ဗိုလ်မှူးကြီးစောချစ်သူကပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ကရင်ပြည်နယ် ဘားအံမြို့ကို ဇန်နဝါရီလ ၂၃ ရက်မှာ သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေမှာတော့ နယ်ခြားစောင့်တပ်နဲ့ တွေ့ဆုံတယ်ဆိုတာမဖော်ပြဘဲ အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလက်မှု လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ပဲ ဖော်ပြခဲ့ပါတယ်။

ကရင်ပြည် နယ်ခြားစောင့်တပ် BGF မှာ တပ်နယ် လေးနယ်နဲ့ တပ်ရင်း ၁၃ ရင်းရှိပြီး တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင် ၅၅၆ ဦးနဲ့ တင်းပြည့်ကျပ်ပြည့် အင်အားရှိတယ်လို့ BGF နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးက လစာနဲ့ စားနပ်ရက္ခာ လစဉ် ပေးထားရတာပါ။ အခြေစိုက်တပ်နယ်တွေအဖြစ် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ အခြေစိုက်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းကတော့ စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် BGF ခေါင်းဆောင်တချို့ကို တာဝန်က အနားယူဖို့ ဖိအားပေးခဲ့တာကြောင့် တပ်ရင်းတပ်ဖွဲ့အားလုံး နုတ်ထွက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဗိုလ်မှူးစောချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် BGF စစ်ကောင်စီတပ်မှ ခွဲထွက်

ဗိုလ်မှူးစောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့ဟာ စစ်ကောင်စီတပ် လက်အောက်ကနေ ခွဲထွက်ပြီး ထိုင်းနယ်စပ်မှာ လှုပ်ရှားနေတဲ့ သူ့ရဲ့တပ်တွေလည်း ဘားအံခရိုင်ဘက် ပြန်လည်ဆုတ်ခွာသွားပြီလို့ KNLA သတင်းကို ကိုးကားပြီး ThaiPBS သတင်းမှာ ဖော်ပြပါတယ်။

စစ်သည်အင်အား ၃၀၀ လောက်ရှိတဲ့ ဗိုလ်မှူးစောချစ်သူရဲ့ BGF နယ်ခြားစောင့်တပ်ဟာ ဇန်နဝါရီ ၂၁ ရက်က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဆွပ်မွေးမြို့နယ်ရဲ့ တဘက်ကမ်း အမှတ် ၅ ‌ဒေသ တပ်စခန်းတွေကနေ ဘားအံခရိုင်ဘက်ကို ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း၊ ဒါ့အပြင် အမှတ် ၁၀၁၂၊ ၁၀၁၅ နဲ့ ၁၀၁၆ နယ်ခြားစောင့်တပ်တွေဟာလည်း ဘားအံခရိုင်ဘက်မှာ သွားရောက်စုစည်းနေကြပြီလို့ ဆိုပါတယ်။

BGF အနေနဲ့ စစ်ကောင်စီက ပေးတဲ့ လစာငွေနဲ့ တခြားဝန်ဆောင်မှုတွေ လက်ခံတော့မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ စစ်ကောင်စီကို တော်လှန်မှာမဟုတ်သလို တခြား လက်နက်ကိုင်ဘက်ကိုလည်း ယိမ်းသွားမှာမဟုတ်ဘဲ ဘက်မလိုက်တဲ့ဝါဒကို ကျင့်သုံးမယ်၊ မိမိနယ်မြေတွင်း တည်ငြိမ်အေးချမ်းရေးအတွက် မိမိကိုယ်ပိုင်ရန်ပုံငွေရှာပြီး ဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က စစ်ကောင်စီထံ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာတော့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ နယ်ခြားစောင့်တပ်ရင်းမှူးနဲ့ ကရင်ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ ဦးစိုးမြင့်ဦးတို့ဟာ ဗိုလ်မှူး စောချစ်သူနဲ့ သူ့လက်ထောက် စီးပွားရေးတာဝန်ခံတို့ကို ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ် ကြာအင်းရွာမှာ လာရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူနဲ့ လာတွေ့ဖို့ မှာကြားလိုက်ကြောင်း၊ ဗိုလ်မှူးစောချစ်သူတို့ဘက်ကတော့ စစ်ကောင်စီထံက ခွဲထွက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ BGF တပ် အမှတ် ၁၀၁၁ မှ ၁၀၂၃ ထိ တပ်ဖွဲ့ ၁၃ ဖွဲ့လုံး စစ်ကောင်စီဘက်က ထောက်ပံ့မှုတွေ ယူတော့မှာမဟုတ်တဲ့အကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောချစ်သူဟာ မြဝတီမြို့အနီးတဝိုက်မှာရှိတဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို ရွှေကုက္ကိုလ်ဒေသကို ကာကွယ်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

အဆိုပါ နယ်ခြားစောင့်တပ်တွေဟာ ကေအန်ယူလက်အောက်ခံ KNLA တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေချင်း ထပ်နေတဲ့နေရာမှာ ‌ဒေသအကျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပြီး စစ်ရေးအရ ပူးပေါင်းတာတော့ မရှိ‌သေးကြောင်း၊ ဗိုလ်မှူးစောချစ်သူက စစ်ကောင်စီထံကနေ ခွဲထွက်ကြောင်း ကြေညာချက်ဟာ ကိုယ်ပိုင်နယ်မြေကို ထိန်းချုပ် ကာကွယ်ဖို့နဲ့ စစ်ကောင်စီအနေနဲ့ လာရောက်စွက်ဖက်ခြင်းမရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တကယ်လို့ စစ်ကောင်စီက အထက်ပါအချက်ကို သဘောမတူဘူးဆိုရင် တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ထိုင်းသတင်းက သုံးသပ်ဖော်ပြသွားပါတယ်။

ရွှေကုက္ကိုလ်ဒေသဟာ ကာရာအိုကေ၊ ကာစီနို၊ လောင်းကစားဝိုင်း၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ စည်ကားနေတဲ့မြို့လို့ သတင်းတွေထွက်ပေါ်နေပြီး ထိုင်း စစ်တပ်နဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်းကာ အဲဒီဒေသက ဒုစရိုက်မှုတွေ နှိမ်နင်းသွားဖို့လည်း သဘောတူထားကြပါတယ်။

Source:- PBS


Comments

Leave a Reply

Your email address will not be published. Required fields are marked *