နမ့်ဖက်ကာတွင် KIA ပစ်ချခဲ့​သော စစ်​ကောင်စီ တိုက်​လေယာဥ်

ရှမ်းပြည်နယ် မြောက်ပိုင်းကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအခြေစိုက် ခလရ (၁၂၃)အားကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ဇန်နဝါရီ ၂၄ ရက်ည​နေတွင်သိမ်းပိုက်လိုက်ပြီးနောက် ဇန်နဝါရီ ၁၆ ရက်က ပစ်ချခဲ့သော စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာအပျက်အစီးပုံများ ထွက်ပေါ်လာသည်။

ခလရ(၁၂၃)အား KIAက တိုက်ခိုက်စဉ် ဇန်နဝါရီလ ၁၆ရက်တွင် တရုတ်နိုင်ငံထုတ်FTC 2000G အမျိုးအစားတိုက်ခိုက်ရေးလေယာဉ်ဖြင့် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ KIA က ပစ်ချခဲ့ခြင်းဖြစ်သည်။​လေယာဥ်မှာ ခလရ ၁၂၃ အနီးပျက်ကျခဲ့ခြင်းဖြစ်၍ ​လေယာဥ်အပျက်အစီးများကို KIA က မရှင်းလင်း မသိမ်းဆည်းနိုင်ဘဲဖြစ်​နေရာမှ စခန်းကိုအပြီးသတ်သိမ်းပိုက်ပြီး​နောက် ပစ်ချထား​သော​လေယာဥ်ပျက် ကိုနယ်​မြေရှင်းလင်းကာ ယနေ့ (ဇန်နဝါရီ ၂၅ )မှသာ လေယာဉ်အပျက်အစီးမှတ်တမ်းဓာတ်ပုံများထွက်ပေါ်လာခြင်းဖြစ်သည်။ ​

နွေဦး​တော်လှန်​ရေးတွင် KIA ပစ်ချခဲ့​သောစစ်​ကောင်စီ​လေယာဥ် ၃ စီးရှိပြီဖြစ်သည်။၂၀၂၁ ​မေလ ၃ ရက် မိုး​မောက်မြို့နယ် တိုက်ပွဲ၌ စစ်​ကောင်စီတပ်၏ Mi-35 တိုက်ခိုက်​ရေးရဟတ်ယာဥ်ကိုလည်း​ကောင်း ၊ ၂၀၂၄ ဇန်နဝါရီ ၄ ရက်တွင် ဝိုင်း​မော်မြို့နယ်၌ စစ်​ကောင်စီ၏Mi-17 သယ်ယူပို့​ဆောင်​ရေး ရဟတ်ယာဥ်ကိုလည်း​ကောင်း KIA ကပစ်ချခဲ့သည်။

၂၀၂၃ နိုဝင်ဘာ ၁၁ ရက်တွင် KNDF နှင့် KA တပ်ဖွဲ့တို့က ကရင်နီပြည်တွင် စစ်တပ်၏ K-8W အ​ပေါ့စားတိုက်​လေယာဥ်ကိုပစ်ချခဲ့​သေးသည်။ထို​ကြောင့် ​​နွေဦး​တော်လှန်​ရေးတွင် ​တော်လှန်​ရေးအဖွဲ့များပစ်ချသော စစ်တပ်​လေယာဥ် ၄ စီးရှိပြီဖြစ်သည်။

၂၀၂၃ နှစ်လယ်ပိုင်းက မယ်စဲ့မြို့နယ်တိုက်ပွဲတွင် ကရင်နီတပ်​ပေါင်းစုက စစ်တပ်တိုက်​လေယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်ဆို​သော်လည်း ​ပျက်ကျ​​သော​လေယာဥ်အ​ထောက်အထား ကိုပြသနိုင်ခြင်းမရှိဘဲ ​လေယာဥ်ပျက်ကျရာ​နေရာကိုသာပြသနိုင်၍ ထပ်မံစုံစမ်းစိစစ်​နေဆဲဖြစ်၍ ထည့်သွင်းတွက်ချက်ထားခြင်းမပြု​သေးပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *