ပအိုဝ်းနယ်မြေ အတွင်းမှာ လူဆိုး၊ သူခိုး၊ ဓါးပြကလွဲပြီး ပြည်သူတွေ အေးအေးချမ်းချမ်း နေနိုင်တယ်လို့ PNLA ကဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးအရ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇန်နာဝါရီ ၂၀၊ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဟိုပုန်းမြို့နယ်၊ မဲနယ်တောင်၊ စံဖူးကျေးရွာ တိုက်ပွဲနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ဆီဆိုင်မြို့တွင်း တိုက်ပွဲတို့ဟာ လုံခြုံရေးအရ ဆောင်ရွက်နေတာကြောင့် ပြည်သူတွေ အနေနဲ့ စိုးရိမ်စရာ မလိုဘူးလို့ PNLA ရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

“အခုက ကျနော်တို့ လုံခြုံရေးအရ လှုပ်ရှား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါက ပြည်သူတွေ အေးချမ်းသာယာစွာ နေထိုင်နိုင်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ PNLA ထိန်းချုပ်မှု နယ်မြေအတွင်းမှာ လူဆိုး၊ သူခိုး၊ ဓါးပြကလွဲပြီးတော့ မိဘပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်ပါတယ်”

မနေ့ (ဇန်နာဝါရီ ၂၄)ရက်နေ့ညက စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့၊ မြကန်သာ ရပ်ကွက်က အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရသူတွေလည်း ၁၀ ဦးထက်မနည်း ရှိတယ်လို့ ကနဦး သိရပါတယ်။

ဒေသခံ တစ်ဦးက “ PNLA ပြောသွားတဲ့အထဲမှာ လူဆိုး၊ သူခိုး၊ ဓါးပြကလွဲပြီး ပြည်သူတွေ အေးအေးချမ်းချမ်း နေနိုင်တယ်ဆိုတော့ ဒါက စစ်တပ်ကို သူခိုး၊ ဓါးပြ လို့ပြောလိုက်တာနဲ့ အတူတူပဲ” လို့ ပြောပါတယ်။

ဆီဆိုင်မြို့ အတွင်းမှာ လူဦးရေ ၁၀ ရာခိုင်နှုန်းလောက် ကျန်ရှိနေပြီး စစ်ဘေးရှောင်ဖို့ ကားအခက်အခဲ ရှိနေတယ်လို့ စုံစမ်း သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *