ဝမ်းတွင်းတွင် ပျူစောထီးသင်တန်းတက်ခိုင်းနေသည့်အုပ်ကြီး ပစ်ခတ်ခံရ

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် တွင် ကျေးရွာလူထုအား ပျူစောထီးသင်တန်းအဓမ္မတက်ခိုင်းနေသည့် နဘဲကန်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇန်နဝါရီ၂၄ ရက်)နံနက် ၈နာရီခွဲခန့်က ဝမ်းတွင်းမြို့နယ်၊ နဘဲကန်ကျေးရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကျော်ရှိန်အား ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Wundwin Township Revolution Force ၏ တာဝန်ရှိသူက ပြောသည်။

“နဘဲကန်အုပ်ကြီးက နဘဲကန်ရွာထဲ တစ်ယောက်တည်း ဆိုင်ကယ်မောင်းနေချိန် ဝင်ပစ်တာ။ နှစ်ချက်နောက်ကျောကို ပစ်လိုက်တော့ သူ့ဆိုင်ကယ်ယိုင်ပြီး ရှေ့က နွားကိုဝင်တိုက်လဲသွားတဲ့အချိန် နောက်တစ်ချက်ထပ်ပစ်ခဲ့တယ်။”ဟု WTRF၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါအုပ်ကြီးသည် ကျေးရွာပြည်သူများအား ပျူစောထီးသင်တန်း အတင်းအကြပ်ဖိအားပေးတက်ရောက်ခိုင်းခြင်း၊ ကျေးရွာနေပြည်သူလူထုအား ငွေကြေး အဓမ္မတောင်းခံခြင်း၊ ပြည်သူများစီးပွားရေး ကျပ်နေတည်းနေချိန်တွင် လျှပ်စစ်သွယ်တန်းကြေးများကောက်ခံခြင်းတို့ကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း WTRF၏ တာဝန်ရှိသူက ပြောသည်။

“သေ၊ မသေမသိရဘူး။ ခုလက်ရှိစခတွေက ဆေးရုံကို သယ်သွားပြီးကုနေတယ်ပဲသိရတာ။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

WTRFအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက်ကလည်း ဝမ်းတွင်းမြို့နယ်၊ ကမ်းပါးနီရွာက ပျူစောထီးအဖွဲ့ဝင်တစ်ဦးအား ပစ်ခတ်ရှင်းလင်းပြီးနောက် အလောင်းလာကောက်သည့် စစ်ကားကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top