ကရင်နီပြည်နယ်တွင် တပ်ရင်းလိုက် စုပေါင်းဘက်ပြောင်းမှု မကြာမီစတင်မည်ဟု KNDF ပြော

ကရင်နီပြည်နယ်တွင် တပ်ရင်းလိုက် စုပေါင်းဘက်ပြောင်းမှုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စစ်ကောင်စီ၏ တပ်ရင်းထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ကနဦးညှိနှိုင်းကာ သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF )က ဇန်နဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

“၁၁.၁၁ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သားတွေက အဓိပ္ပာယ်မဲ့ တိုက်နေရတယ်ပေါ့နော်။ သူတို့အနေနဲ့ စစ်ကူလည်း မပို့နိုင်ဘူး၊ ကျဆုံးသွားတဲ့ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတောင်မှ မကောက်နိုင်ဘူး။ အဲ့လိုအခြေအနေတွေကြောင့် မြေပြင်မှာရှိတဲ့ တပ်မှူးတွေက သိလာကြတယ်။ ဆိုတော့ အဲ့လိုအနေအထားမှာ ကျနော်တို့ဘက်ကို ဘက်ပြောင်းလာကြတယ်။ နယ်မြေခံ တပ်ရင်းအလိုက်လည်း ဘက်ပြောင်းဖို့ စီစဉ်နေတာကအစပေါ့နော်၊ တချို့တပ်ရင်းတွေဆိုရင် တပ်ရင်းရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ ချိတ်ဆက်ညှိနှိုင်းမှုတွေရှိပါတယ်။ ဒါကတော့ တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်မှာပေါ့နော်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောသည်။

လက်ရှိတွင် ကရင်နီပြည်နယ်၌ နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးအတွင်း လက်နက်ချအညံ့ခံသူများနှင့် ဖမ်းဆီးခံရသူဦးရေ ရာဂဏန်းနီးပါးရှိခဲ့ကြောင်း KNDF က ပြောသည်။

ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများကိုလည်း နိုင်ငံတကာဥပဒေများနှင့်အညီ ကောင်းမွန်စွာ ဖမ်းဆီးထိန်းသိမ်းထားကာ ဘက်ပြောင်းခိုလှုံသူများကို တော်လှန်ရေးအစိုးရဘက်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုပါက ၎င်းတို့၏ လက်ရှိရာထူးအတိုင်း ပြန်လည်ထမ်းဆောင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် စုပေါင်းဘက်ပြောင်းခြင်းအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ မကြာမီ မြို့အချို့တွင် တပ်ရင်းအလိုက် ဘက်ပြောင်းမှုများကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း KNDF မှ ထုတ်ပြန်သည်။

“စုပေါင်းဘက်ပြောင်းမှု အစီအစဉ်ဆိုတာက တပ်ရင်းအလိုက် ဒါမှမဟုတ်ရင် တပ်ခွဲအလိုက်၊ တပ်စုအလိုက်၊ တပ်စိတ်အလိုက် ဒါမှမဟုတ် ကိုယ်က ထွက်လာချင်ရင် ထွက်လာချင်တဲ့ (အုပ်စု) အလိုက်ပေါ့နော်၊ ဥပမာ ၁၀ ယောက်လည်း ဖြစ်ချင်ဖြစ်မယ်၊ ငါးယောက်လည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်အချင်းချင်း ပူးပေါင်းပြီးတော့မှ ကျနော်တို့ဘက်ကို ပူးပေါင်းလာတာမျိုးပါ” ဟု စုပေါင်းဘက်ပြောင်းခြင်းအစီအစဉ်ကို KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူမှ ရှင်းပြသည်။

ကရင်နီပြည်တွင် ၁၁.၁၁ စစ်ဆင်ရေးကို အပြီးသတ် ဆင်နွှဲမည်ဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင်များအားလုံးကို ဖြိုချကာ စခန်းသိမ်းတိုက်ပွဲနှင့် မြို့သိမ်းတိုက်ပွဲများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများအနေဖြင့် ဘက်ပြောင်းခိုလှုံကြရန် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ကရင်နီပြည်နယ်ရှိ နယ်မြေခံတပ်ရင်းများသည် ၎င်းတို့မိသားစုနှင့်အတူ ကရင်နီပြည်နယ်တွင် နှစ်ရှည်လများအခြေချနေထိုင်ခဲ့သည်များကို ထောက်ထားကာ ကရင်နီပြည်သူများနှင့်ရပ်တည်ပြီး အာဏာရှင်ကို ဆန့်ကျင်ကာ တပ်ရင်းအလိုက်၊ မိသားစုအလိုက် ပြည်သူဘက်ပြောင်းရန် KNDF မှ တိုက်တွန်းထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *