ရှမ်းပြည်နယ် မြောက်ပိုင်းကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအခြေစိုက် ခလရ (၁၂၃)အားကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ဇန်နဝါရီ ၂၄ ရက်ညနေတွင်သိမ်းပိုက်လိုက်ပြီးနောက် ဇန်နဝါရီ ၁၆ ရက်က ပစ်ချခဲ့သော စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာအပျက်အစီးပုံများ ထွက်ပေါ်လာသည်။
ခလရ(၁၂၃)အား KIAက တိုက်ခိုက်စဉ် ဇန်နဝါရီလ ၁၆ရက်တွင် တရုတ်နိုင်ငံထုတ်FTC 2000G အမျိုးအစားတိုက်ခိုက်ရေးလေယာဉ်ဖြင့် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ KIA က ပစ်ချခဲ့ခြင်းဖြစ်သည်။လေယာဥ်မှာ ခလရ ၁၂၃ အနီးပျက်ကျခဲ့ခြင်းဖြစ်၍ လေယာဥ်အပျက်အစီးများကို KIA က မရှင်းလင်း မသိမ်းဆည်းနိုင်ဘဲဖြစ်နေရာမှ စခန်းကိုအပြီးသတ်သိမ်းပိုက်ပြီးနောက် ပစ်ချထားသောလေယာဥ်ပျက် ကိုနယ်မြေရှင်းလင်းကာ ယနေ့ (ဇန်နဝါရီ ၂၅ )မှသာ လေယာဉ်အပျက်အစီးမှတ်တမ်းဓာတ်ပုံများထွက်ပေါ်လာခြင်းဖြစ်သည်။
နွေဦးတော်လှန်ရေးတွင် KIA ပစ်ချခဲ့သောစစ်ကောင်စီလေယာဥ် ၃ စီးရှိပြီဖြစ်သည်။၂၀၂၁ မေလ ၃ ရက် မိုးမောက်မြို့နယ် တိုက်ပွဲ၌ စစ်ကောင်စီတပ်၏ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်ကိုလည်းကောင်း ၊ ၂၀၂၄ ဇန်နဝါရီ ၄ ရက်တွင် ဝိုင်းမော်မြို့နယ်၌ စစ်ကောင်စီ၏Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်ကိုလည်းကောင်း KIA ကပစ်ချခဲ့သည်။
၂၀၂၃ နိုဝင်ဘာ ၁၁ ရက်တွင် KNDF နှင့် KA တပ်ဖွဲ့တို့က ကရင်နီပြည်တွင် စစ်တပ်၏ K-8W အပေါ့စားတိုက်လေယာဥ်ကိုပစ်ချခဲ့သေးသည်။ထိုကြောင့် နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးအဖွဲ့များပစ်ချသော စစ်တပ်လေယာဥ် ၄ စီးရှိပြီဖြစ်သည်။
၂၀၂၃ နှစ်လယ်ပိုင်းက မယ်စဲ့မြို့နယ်တိုက်ပွဲတွင် ကရင်နီတပ်ပေါင်းစုက စစ်တပ်တိုက်လေယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်ဆိုသော်လည်း ပျက်ကျသောလေယာဥ်အထောက်အထား ကိုပြသနိုင်ခြင်းမရှိဘဲ လေယာဥ်ပျက်ကျရာနေရာကိုသာပြသနိုင်၍ ထပ်မံစုံစမ်းစိစစ်နေဆဲဖြစ်၍ ထည့်သွင်းတွက်ချက်ထားခြင်းမပြုသေးပါ။
Leave a Reply