ရမ်းဗြဲမြို့ရှိ စစ်ကောင်စီ၏ သိမ်တောင်စခန်းကုန်းကို AA ထိုးစစ်ဆင်​နေပြီး တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ တောင်ဥက္ကလာရပ်ကွက်ရှိ စစ်ကောင်စီ၏ သိမ်တောင်စခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီခန့်မှစ၍ သိမ်တောင်စစ် စခန်းကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်း ထန်နေကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် သိမ်တောင်ခြေရင်းရှိ တောင်ဥက္ကလာရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တောင်ဥက္ကလာရပ်ကွက်၊ လောင်းချောင်းရပ်ကွက်၊ ရမ်းဗြဲမြို့ လယ်အနီးတစ်ဝိုက်သို့ ဗုံးများကြဲချ၍ တိုက်ခိုက်နေပြီး စစ်ကောင်စီသည်ယနေ့ ညနေ ၄ နာရီခန့်မှစတင်၍ ရုရှားထုတ် MIG -29 တိုက်လေယာဉ်ဖြင့် ဗုံးများထပ်မံ ကြဲချတိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

“တစ်နေကုန် ဗုံးကြဲနေတာ ရပ်ကွက်တွေဘက်ကို။ အိမ်တွေမီးလောင်ကုန်တာ မနည်းဘူး။ အရေအတွက် သေချာမသိရသေးဘူး။ တပ်တော်ကတော့ တအားကို ထိုးစစ်ဆင်ပြီးတိုက်နေတာ။ စစ်ကောင်စီဘက်က မကျဖို့အတော်ပြန်ခုခံနေရတယ် “ဟု ရမ်း‌ဗြဲမြို့ရှိဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ရေကြောင်းမှနေ၍လည်း ဆက်လက် တိုက်ခိုက်နေပြီး ယမန်‌နေ့ ည ၇ နာရီခန့်ကလည်း ရမ်းဗြဲချောင်း၀ဘက်မှနေ၍ စစ်ကောင်စီ​ရေတပ် Navy Ship များက ရမ်းဗြဲမြို့ဘက်သို့ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြို့နယ်များတွင် စစ်ရေးပြင်ဆင်မှုများနှင့် စစ်အင်အားတိုးချဲ့နေရာချ ထားမှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *