ကောလင်းမြို့တိုက်ပွဲ သုံးရက်​မြောက်​နေ့စစ်​ကောင်စီ​လေ​ကြောင်းပစ်ကူသုံးထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်​

စစ်ကောင်စီစစ်ကြောင်း၌ ထောင်ထွက်စစ်သားဟောင်းများနှင့် ပျုစောထီးအများအပြားပါ​လာဟုဆို

​တော်လှန်​ရေးတပ်ဖွဲ့များစနစ်တကျခုခံတိုက်ခိုက်၍ ​ကောလင်းမြို့ကိုထိန်းချုပ်ထား

​​တော်လှန်​ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား​သော ​ကောလင်းမြို့ကို စစ်​ကောင်စီတပ်က ပြန်သိမ်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်လာမှု တတိယ​မြောက်​နေ့တွင်​လေ​ကြောင်းတိုက်ခိုက်မှု စအသုံးပြုလာသလို မြေပြင်စစ်​ကြောင်းများထိုး တိုက်ခိုက်လာသဖြင့်တိုက်ပွဲများတစ်​နေကုန် ပြင်းထန်​နေ​​ကြောင်း ​​​တော်လှန်​ရေးတပ်ဖွဲ့များက ​ပြောသည်။

စစ်​​ကောင်စီတပ်က ​ကောလင်းမြို့ကို စစ်​ကြောင်း ၆ ​ကြောင်းထက်မနည်း ခွဲ၍ စစ်​ကြောင်းထိုးကာညှပ်တိုက်ရန် ကြိုးစား​သော်လည်း ​တော်လှန်​ရေးတပ်ဖွဲ့ များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် အထိနာပြီး မြို့နားမကပ်နိုင်​ကြောင်း ​PDF အချို့က​ပြောသည်။ စစ်​ကောင်စီတပ်များသည် မြို့ အနီးဝန်းကျင်ရှိ​ကျေးရွာများကိုဆက်တိုက် မီးရှို့ဖျက်ဆီး​နေ​ကြောင်းလည်း ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

ထို​နောက် ယ​နေ့ (​ဖေ​ဖော်ဝါရီ ၆ ရက်)ည​နေပိုင်းတွင် ၃ နာရီ​ကျော်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး ၊၄ နာရီ ​ကျော်တွင် တိုက်ခိုက်​ရေးရဟတ်ယာဥ် Mi-35 ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ​မြေပြင်စစ်​ကြောင်းကလည်း စစ်​ကြောင်းထိုး၍ မြို့အနီးကပ်နိုင်ရန် ကြိုးစား၍ တိုက်ပွဲပြင်းထန်ခဲ့​ကြောင်း ​PDFအချို့က​ပြောသည်။

စစ်​ကောင်စီတပ်က ၃ ရက်ဆက် ထိုးစစ်ဆင်​သော်လည်းကောလင်းမြို့ ကို ​တော်လှန်​ရေးတပ်ဖွဲ့များကစနစ်တကျခုခံတိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်ထား​ကြောင်း ​မြေပြင်မှ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်လ်များတွင်မူ စစ်​ကောင်စီတပ်က မြို့အတွင်းဝင်​ရောက်၍ ရှင်းလင်း​နေ​ကြောင်း၊ထိုစစ်​ကြောင်းမှာကျားဘီလူးစစ်ကြောင်းဖြစ်ပြီး PDF ၊KIA တပ်ဖွဲ့ဝင်များထွက်​ပြေး​ကြနေ​ကြောင်း​သတင်းအမှား​ရေးသားဖြန့်ချီ​နေသည်။ထိုအပြင် ​ကောလင်းမြို့ကို တိုက်ရန် ကန့်ဘလူမြို့တွင် ဇန်နဝါရီလက စစ်သားများစုခဲ့​သော ပုံများကို အသုံးပြု၍ ကျားဘီလူးစစ်​ကြောင်း ကန့်ဘလူပြန်လာရာ ပြည်သူများကကြိုဆိုကြ​ကြောင်း သတင်းအမှား​​ရေးသားဖြန့်ချီ​နေသည်ကို​တွေ့ရသည်။

ထို့အပြင် ကောလင်းမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၌ ထောင်ထဲမှ ခေါ်လာသည့် စစ်သားဟောင်းများ နှင့် ပျူစောထီးအများအပြားပါဝင်လာကြောင်း တိုက်ပွဲအတွင်း သေဆုံးမှုများပြားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက​ပြောသည်။

” စစ်တပ်က ထောင်ထွက်တွေနဲ့ ပျူစောထီးတွေအများကြီးပါလာတယ်။ ​ေးစစ်စစ်ကအများကြီးမပါဘူး။ ထောင်ထွက်နဲ့ ပျူကများတာ။ဒီသတင်းကို ရနိုင်တဲ့ လင့်ခ်တွေ ကျတော်တို့မှာ ရှိပါတယ်။ မနေ့(ဇန်နဝါရီ ၅)က တိုက်ပွဲမှာ ဒီကောင်တွေ မြို့ရဲ့တောင်ဘက်နဲ့ မြောက်ဘက်က‌ဝင်လာတယ်။ ညနေဘက်မှာ ပြန်ဆုတ်သွားပါတယ်။ သေဆုံးတာတွေ များတယ်”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများအတွင်း အထိနာပြီး အင်အားနည်းနေသည့်စစ်ကောင်စီသည် အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျနေသော ရာဇဝတ်သား အရာရှိနှင့်စစ်သားများကို စစ်မှုပြန်ထမ်းခိုင်းသည်ဆိုကာရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခဲ့သည်။ ၂၀၂၃ ဒီဇင်ဘာ ၂၁ ရက်တွင် စစ်​ကောင်စီပြည်ထဲ​ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်လက်မှတ်ဖြင့် ​ထောင်ကျ​နေရာမှ စစ်မှုထမ်းဆောင်ရန် ကိုယ်တိုင်ဆန္ဒပြုလာသည်ဟုဆိုကာ ​ထောင်အတွင်းမှ အရာရှိနှင့်စစ်သားများကို ပြစ်ဒဏ်ရုတ်သိမ်းပေးပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခဲ့​ကြောင်း ညွန်ကြားစာ ထွက်ခဲ့သည်။ ​

ထို​ကြောင့် ​ထောင်မှထုတ်လာ​သော ရာဇဝတ်သား စစ်သားများနှင့် ပျူ​စောထီးများကို ​ကောလင်းမြို့တိုက်ပွဲတွင် စစ်​ကောင်စီက အများအပြားသုံးလာခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် ပြီးခဲ့သည့် ဇန်နဝါရီလလယ်မှစ၍ ပြင်ဆင်နေသည့် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၄ရက်နံနက်တွင် ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့ကျေးရွာဘက်ခြမ်း၊ ကြခတ်ကုန်းနှင့် ဖလဲရွာတို့ဘက်မှ စတင်၍ စစ်ကြောင်းထိုးဝင်ရောက်ရန်ကြိုးစား​နေခြင်းဖြစ်သည်။

‌​ဖေ​ဖော်ဝါရီ ၅ ရက် နံနက်က တိုက်ပွဲ၌ မြေပြင်ရလဒ်ကောင်းများ ရရှိထားပြီး စစ်ရေးဆက်လက်တင်းမာနေဆဲဟု တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

​ဖေ​ဖော်ဝါရီ ၅ ရက်ညနေက တိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းသည် ကောလင်းမြို့ တောင်ဘက် ဆီဆုံရွာနှင့် မြောက်ဘက်တွင် ပေကုန်းနှင့် အောင်ချမ်းသာရွာအနီးသို့ ရောက်ရှိလာကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ အထိနာပြီးဆုတ်ခွာထွက်ပြေးသွားကြောင်း မြေပြင်ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ကောလင်းမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီသည် ကန့်ဘလူမြို့အခြေစိုက် အမှတ် ၆၀၀၆ အမြောက်တပ်ရင်းအပါအဝင် ပျူစောထီးစခန်းအချို့၊ ဝန်းသိုမြို့ရှိ စစ်ကောင်စီတပ်ရင်းတို့ကို Mi17 ရဟတ်ယာဉ်ဖြင့် လူနှင့်လက်နက်အင်အားဖြည့်တင်းခဲ့သည်။ ကန့်ဘလူနှင့်ကျွန်းလှတဝိုက်၌ စစ်ကောင်စီအထောက်အပံ့ဖြင့် ရပ်တည်နေသည့် ပျူစောထီးဘုန်းကြီးဝါသဝ၏ တပ်ဖွဲ့များနှင့် စစ်ကောင်စီ ပူးပေါင်းအင်အား ၄၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

” ဒီပွဲမှာ ရက်တိုသင်တန်းတက်ပြီး လာတိုက်တဲ့ ပျူတွေ သေဆုံးမှုများတယ်” ဟု မြေပြင်ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ခရိုင်မြို့ ဖြစ်​သော ကောလင်းကို ၂၀၂၃ နိုဝင်ဘာလ ၅ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ထို့နောက်ဝါသဝ၏ လက်အောက်ခံ ပျူစောထီးအများအပြား ပါဝင်သည့် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၀ရက်၌ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့​သေးသည်။ ထိုစစ်​ကြောင်းကို PDF များကပိတ်ဆို့ဖြတ်​တောက်တိုက်ခိုက်ရာ ဝါသဝ၏ ပျူစောထီးစစ်ကြောင်းမှ ၈၀ဦးထက်မနည်းသေဆုံးခဲ့ပြီးလက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ခဲ့သည်။

ကောလင်းမြို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့်မြို့ဖြစ်ပြီး ကန့်ဘလူ၊ ပင်လည်ဘူး၊ ဝန်းသို၊ ကျွန်းလှမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

နိုင်ငံတစ်ဝန်း​တော်လှန်​ရေးတပ်ဖွဲ့များက ရှမ်း၊ကရင်နီ၊ ချင်း၊ကချင် ၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် သိမ်းပိုက်ထိန်းချုပ်ထား​သော မြို့​ပေါင်း ၃၆ မြို့ရှိ​နေပြီဖြစ်သည်။ စစ်​ကောင်စီတပ်သည်ကျန်​ဒေသများမှဆုံးရှုံးထား​သောမြို့များကို ထိုးစစ်မဆင်ဘဲ စစ်ကိုင်းတိုင်းရှိမြို့သုံးမြို့ကိုသာပြန်ထိုးစစ်ဆင်​ခဲ့ခြင်းဖြစ်သည်။

ကောလင်းနောက်ဆုံးရစစ်ရေးသတင်း

ကောလင်းမြို့သို့ စကစမှ သာလွန်အင်အားများသုံးပြီး စစ်ကြောင်းထိုးကာ တိုက်ခိုက်နေ။

6.2.2024 ရက်နေ့တွင်ကိုးတောင်ဘို့မှ ကောလင်းသို့ ထွက်လာသော စခစစ်ကြောင်း နစ်ကြောင်းအနက်တစ်ကြောင်းမှာ ယနေ့နံနက် 7:00 တွင် ဇီးခုံရွာကိုစတင်မီးရှို့ခဲ့ပြီး အင်အား ခန့်မှန်း 200 ဝန်းကျင်မှာ ကောလင်းမြို့ရှိ တော်လှန်ရေးတပ်များနှင့် တစ်မနက်လုံး ထ တွေ့မှု ဖြစ်ပွားပီး အထိနာကာ ဇီးခုံဘုန်းကြီးကျောင်းတွင် ဆေးကုနေရကြောင်းသတင်းရရှိထားပါတယ်။

ကိုးတောင်ဘို့မှ ထွက်လာသော စစ်ကြောင်းနောက်တစ်ကြောင်းမှာ ကောလင်းမြို့ ညောင်ပင်သာနှင့် ကျောက်ကာရွာကြားတိုက်ပွဲဖစ်ပွားခဲ့ရာမှ နောက်ပြန်ဆုတ်ကာ ဆီဆုံရွာကိုကိုမီးရှို့ခဲ့ပြီး ယခုညနေတွင်လေကြောင်း ပစ်ကူဖြင့်ပစ်ကူကာမင်းကုန်း၊ဖန်းခါးခုံရွာသို့ ရောက်ရှိ နေကြောင်း သတင်းရရှိထားပါတယ်။

ကိုးတောင်ဘို့မှနောက်ဆုံးတပ်ကူထွက်လာသော စကစစစ်ကြောင်းမှာ ကန့်ဘလူမြို့ ဂူဏ်ညှင်းလျှို ရွာကို ရောက်ရောက်ခြင်း မီးစတင်ရှို့ကာ ယခုမှာ ကောလင်းမြို့ ဝါးရုံခုံရွာသို့ရောက်ရှိပြီး ဝါရုံခုံရွာအား 6:00 pmတွင် မီးရှို့နေကြောင်းသတင်းရရှိပါတယ်။

ကောလင်းမြောက်ခြမ်းမှထိုးလာသော စစ်ကြောင်းမှာ 9:30 am တွင် သီပါ၊အောင်ချမ်းသာ၊ပေကုန်း ရွာတို့ တွင် စစ်ကြောင်းသုံးကြောင်းခွဲထားပြီး ယခု 6:30pm တွင်စစ်ကြောင်းသုံးကြောင်းပေါင်းကာ အင်းဗုတ်ကုန်း သို့ရောက်ရှိနေကြောင်းသိရပါတယ်။

ယနေ့တွင် ကောလင်းသို့ လေကြောင်းတိုက်ခိုက်မှူနစ် ကြိမ်(Jetfighterတစ်ကြိမ် နှင့်Mi35 တစ်ကြိမ်) လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

လက်ရှိအချိန်ထိ တော်လှန်ရေးတပ်များနှင့်ဘစကစ တပ်များမှာထိတွေ့မှုများဆက်တိုက်ဖြစ်ပွားလျှက်ရှိ ပြီး ကောလင်းမြို့အားတော်လှန်ရေးအင်အားစုများမှ ဆက်လက်ထိန်းထားဆဲဖြစ်တယ်လို့သိရပါတယ်။

ကောလင်းမြို့နေပြည်သူအားလုံးစစ်ရှောင်နေရပြီး စစ်ရှောင် 15000ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ခွေးသတင်း

7.2.2024 kawlin at 9:10 am

ကောလင်းမြို့ ဇီးခုံရွာတွင် ညအိပ်သော စခများမှာ မြောက်ဖက်သို့စတင်ထွက်နေဟုသိရ။

7-2-2024

10:15am

တောင်ပိုင်း

ရှေ့တိုးတဲ့ဇီးခုံအဖွဲ့ ရွာထဲပြန်ဆုတ်။

မနေ့က ဂုံညင်းရှို မီးရှို့တဲ့ နောက်ချန်အဖွဲ့ ၄၀ခန့် ကိုးတောင်ဘို့ပြန်ဝင်။

မြောက်ပိုင်း မသိရသေး

Kawlininfo

(စစ်​ကောင်စီတပ်က ​ဖေ​ဖော်ဝါရီ ၆ ရက်တွင်​လေ​ကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့​သော Mi-35 ရဟတ်ယာဥ်/ စစ်​ကောင်စီ ဝါဒဖြန့်တယ်လီဂရန်များတွင် ကောလင်းမြို့ကိုဝင်​ရောက်တိုက်ခိုက်ရှင်းလင်းပြီး ကန့်ဘလူပြန်လာသည့် ကျားဘီလူးစစ်​ကြောင်းကိုပြည်သူများကကြိုဆို​နေသည်ဆိုကာပုံအ​ဟောင်းသုံး၍ သတင်းအမှားဖြန့်ချီရာတွင်သုံးထား​သောပုံ။ဓါတ်ပုံ- ​ကောလင်းခရိုင်တပ်ရင်း (၂) ၊စစ်​ကောင်စီ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *