စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃၇ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကယ်ဆယ်ရေးစခန်းပို့
စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည်မှန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြည်သူ ၂ ဦးသေဆုံးပြီးပြည်သူအချို့ ဒဏ်ရာရခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ကောင်စီသံအမတ်ကိုခေါ်ယူကန့်ကွက်ခဲ့သည်။
စစ်ကောင်စီသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mainul Kabir က ဒါကာမြို့ရှိ နိုင်ငံတော် ဧည့်ရိပ်သာ Padma တွင်တွေ့ဆုံ၍ ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများကဖော်ပြသည်။ တနလာ်နေ့က စစ်ကောင်စီပသ်ခတ်သောလက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ နှစ်ဦးသေဆုံးစေခဲ့သောဖြစ်ရပ်နှင့် နယ်စပ်မှဒေသခံပြည်သူများ အထိတ်တလန့်ထွက်ပြေးနေရမှုအခြေအနေများအတွက် အဓိက ကန့်ကွက်ပြောကြားခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသံအမတ်ကို ခေါ်ယူ တွေ့ဆုံကန့်ကွက်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီး Hasan Mahmud က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း မြန်မာနိုင်ငံဘက်မှတိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သားနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ၊ အရပ်သားများထွက်ပြေးလာမှု ၊ လက်နက်ကြီးကျည်ထိမှန်၍ ဘင်္ဂလားဒေ့ရှ်ပြည်သူများသေဆုံး ဒဏ်ရာရမှုအပေါ် ဦးစားပေးရှင်းလင်းပြောကြားသွားခဲ့သည်။
“ကျွန်တော်နိုင်ငံသားတွေ ထိခိုက်နစ်နာပြီး အသက်ဆုံးရှုံးရပါတယ်။ ကျွန်တော်တို့ ဒီပြဿနာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်တောင်းဆိုထားပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
ဆက်လက်၍ ၎င်းက “ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကျွန်တော်တို့ လုပ်နေတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ် အပျက်တွေက ကြိုဆိုစရာမရှိသလို နဲ့ လက်ခံနိုင်စရာလည်း မရှိပါဘူး။”ဟုသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
နယ်စပ်တွင်ဖြစ်ပွားသောတိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ၊အရပ်သားများအပါအဝင် ၂၂၉ ဦးထွက်ပြေးလာကြောင်း bdnews24 သတင်းဌာနကဖော်ပြသည်။သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်မည်မျှပါဝင်ကြောင်း ၊အရပ်သားများမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်ဟုတ်၊မဟုတ်စသည်တို့ကို အသေးစိပ်ဖော်ပြထားခြင်းမရှိပေ။
အခြားသတင်းတစ်ရပ်တွင် စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃၇ ဦးကို လက်နက်များဖြုတ်သိမ်း၍ ကယ်ဆယ်ရေးစခန်းများသို့ကားများဖြင့် ယနေ့ ညနေတွင် ခေါ်ဆောင်ပြောင်းရွေ့ပေးထားကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာန TTN ကရုပ်သံနှင့်တကွဖော်ပြသည်။ ဖေဖော်ဝါရီ ၆ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၀၈ ဦးကို ဘတ်စ်ကားတစ်စီးဖြင့်လည်းကောင်း ၊ ၂၉ ဦးကို ဂျစ်ကားကြီး ဖြင့်လည်းကောင်း ကယ်ဆယ်ရေးစခန်းများထံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
ထိုအပြင် မြန်မာနယ်စပ်တိုက်ပွဲများကြောင့် ကျည်ဆန်များနှင့် မော်တာကျည်များ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိကျေးရွာများသို့ ရောက်ရှိနေခြင်းနှင့် ပတ်သပ်၍ ကော့ဘဇား နယ်ခြားစောင့်တပ်ဖွဲ့ က စစ်ကောင်စီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံ တရားဝင် ကန့်ကွက်စာ ပေးပို့ထားကြောင်းလည်း TTN ကဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှ ပြည်သူများက လက်ရှိအခြေအနေများကြောင့် မြန်မာနိုင်ငံဘက်မှ ရိုဟင်ဂျာများ ၎င်းတို့ကျေးရွာများဆီသို့ထွက်ပြေးဝင်ရောက်လာမည်ကို စိုးရိမ်နေကြောင်းလည်းTTNကဖော်ပြသည်။ထိုကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့များထပ်တိုး၍ လုံခြုံရေးတိုးမြှင့်ထားသလို ၊အခြေအနေကို ဂရုတစိုက်စောင့်ကြည့်နေကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်-AA က မောင်တောမြို့ရှိ စစ်ကောင်စီတပ်၏တောင်ပြို (လက်ဝဲ-လက်ယာ) စခန်း နှစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တောင်ပြို (လက်ယာ) စခန်းအားဖေဖော်ဝါရီ ၄ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေသော တောင်ပြို (လက်ဝဲ) စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်သားနှင့် နယ်ခြားစောင့်ရဲ ၁၃၀ ကျော်မှာ ဘဂ်လားဒေရှ်နိုင်ငံသို့ထွက်ပြေးနေကြခြင်းဖြစ်သည်။AA ကယနေ့တွင် တောင်ပြို (လက်ဝဲ) စခန်းကိုပါ သိမ်းပိုက်နိုင်ပြီဟု ရခိုင်ဒေသတွင်းသတင်းဌာနအချို့က ဖော်ပြနေသည်။
(ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဥ်/ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသောစစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်နယ်ခြားစောင့်ရဲများကို ကယ်ဆယ်ရေးစခန်းများသို့ပို့ရန်ကားပေါ်သို့တက်ခိုင်းနေစဥ်။ ဓါတ်ပုံ-bdnews24 ၊ TTN)
Leave a Reply