မင်းပြားရှိ စစ်ကောင်စီ တပ်ရင်း ၂ခုနှင့် မောင်တော တောင်ပြို(လက်ဝဲ) စစ်ကောင်စီစခန်းကို ယမန်နေ့တွင် သိမ်းနိုင်ခဲ့ဟု ထုတ်ပြန်

တောင်ပြို(လက်ဝဲ၊လက်ယာ)စခန်းကိုတိုက်ခိုက်စဥ် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး စစ်ကောင်စတပ်သားနှင့် ရဲ ၂၀၀ကျော်ရှိဟု အသိပေး

▪︎အမ်းနှင့် မြေပုံမြို့နယ်များ၌လည်း တိုက်ပွဲဖြစ်နေ

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် ရှိ စစ်ကောင်စီ၏ လက်နက်ကျန်တပ်ရင်း နှစ် ရင်းလုံးကို ဖေဖော်ဝါရီ ၆ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။

ရက္ခိုင်ပြည်နယ်ရှိ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း အသိပေးထားပြီး မင်းပြားမြို့၌ ကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၃၇၉) တပ်ရင်းနှင့် ခမရ (၅၄၁) တပ်ရင်းကိုထပ်မံ သိမ်းယူနိုင်ခဲ့ဟု ဖော်ပြသည်။

“မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေအားလုံးကို ကျနော်တို့ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်။ ကျန်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ကျနော်တို့ မကြာခင်ထုတ်ပြန်ပေးသွားဖို့ရှိပါတယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

မင်းပြားမြိုတွင် စစ်​ကောင်စီတပ်မကျန်​တော့ခြင်း​ကြောင့် မြို့ကိုပါ သိမ်းနိုင်ခြင်းဖြစ်ပြီး ၊ပလက်ဝ ၊​ပေါက်​တော မြို့များပြီး​နောက် မင်းပြားမြို့မှာ AA သိမ်းပိုက်ထိန်းချုပ်နိုင်​သောတတိယ​မြောက်မြို့ဖြစ်လာသည်။

ထိုအပြင်ရက္ခိုင်ပြည်နယ် ရမ်းဗြဲ၊ အမ်းနှင့် မြေပုံမြို့နယ်များတွင်လည်း တိုက်ပွဲများ ဆက်ရှိနေခဲ့ကြောင်း ထုတ်ပြန်သည်။ ရမ်းဗြဲ၌ တိုက်ပွဲများ ဖြစ်ပွားနေမှုကို ယခင်ရက် သတင်းထုတ်ပြန်စဉ်က အသိပေးထားပြီး အမ်းနှင့် မြေပုံ မြို့နယ် တိုက်ပွဲများကို ယမန်နေ့ညတွင် အသိပေးလာခြင်းဖြစ်သည်။

ထို့အပြင် မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား AAက သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းလည်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

AAသည် မောင်တောရှိ တောင်ပြို(လက်ဝဲ)နှင့် တောင်ပြို(လက်ယာ) စစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၄ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ထိုးစစ်ဆင်မှုပထမနေ့တွင် တောင်ပြို(လက်ယာ)စခန်းကို သိမ်းနိုင်ခဲ့ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၆ရက်တွင် တောင်ပြိုလက်ဝဲစခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

AA၏ ထိုးစစ်ကြောင့် ဘင်္ဂလာ‌‌ဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်ဖြင့် ထွက်ပြေး လွတ်မြောက်သွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိရာ ၃ ရက်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားခဲ့ဟု အသိပေးသည်။

အိန္ဒိယ မီဒီယာများတွင် စုစု​ပေါင်း နယ်စပ်ဖြတ်၍ ထွက်​ပြေးလာသူ ၂၂၀ ​ကျော်ရှိ​သော်လည်း စစ်သားနှင့် နယ်ခြား​စောင့်ရဲများမှာ ၁၃၇ ဦးဖြစ်​ကြောင်း​ဖော်ပြသည်။ကျန် ၉၀ ခန့်နှင့်ပတ်သပ်၍ မူ ဘဂ်လား​ဒေရှ် အာဏာပိုင်များကအ​သေးစိပ် ထုတ်ပြန်ခြင်းမရှိ​သေး​ပေ ။

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် စစ်ဆင်ရေး (၃) လကျော်ကာလအတွင်း၌ တစ်ဖွဲ့ချင်းစီ (သို့မဟုတ်) စုပေါင်း စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း၊ ညီနောင် မဟာမိတ် (၃) ဖွဲ့သည် သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ရေးရာလုံခြုံ‌ရေး၊ ကျားဖျင့်လုပ်ငန်းများပပျောက်စေရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အပြည့်အဝရရှိစေရေးတို့အတွက်လည်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

အုပ်ချုပ်စီမံရေးယန္တရားများကို လည်ပတ်အသက်ဝင်လာ‌စေရန်အတွက်လည်း ရှိသည့် လူ့အရင်းအမြစ်များနှင့် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထု၏ အသက်နှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံရေးတို့ကို ဦးစားပေး၍ တိုက်ပွဲကာလအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသေးသည့် မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ရှင်းလင်းရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကိုလည်း စနစ်တကျဖော်ဆောင် လျက်ရှိကြောင်း ညီ​နောင် ၃ ဖွဲ့က အသိ​ပေးသည်။

မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့်ပတ်သက်၍ မိုင်းရှင်းလင်းရေးကိရိယာများ အရေးတကြီးလိုအပ်လျက်ရှိနေပါ၍ မြေမြှုပ်မိုင်းနှင့်ပတ်သက်၍ ကူညီပေးလိုသောသူများ ညီနောင်သုံးဖွဲ့ထံ ဆက်သွယ်၍ နည်းပညာ၊ ကိရိယာများ ကူညီပေးနိုင်ကြောင်း အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်းတို့ကို တော်လှန်တိုက်ပွဲဝင်နေကြသည့် မြန်မာနိုင်ငံအနှံ့မှ ပြည်သူလူထုများအပေါ် ဖက်ဆစ်စိတ်ဓာတ်အပြည့်ဖြင့် စစ်ရာဇဝတ်မှုများကို ပိုမိုလက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟုလည်း ​ဆိုသည်။ထိုသို့ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်လျက်ရှိသည့်လုပ်ရပ်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ပြစ်မှုကျူးလွန်နေခြင်းပင် ဖြစ်သည်ဟု​ဖော်ပြသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ ဒေါဆီအီကျေးရွာ အလယ်တန်းပြစာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုအပေါ် မိမိတို့ညီနောင် (၃) ဖွဲ့အနေဖြင့် များစွာစိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြခဲ့ပြီး ထိုသို့ ကလေးသူငယ်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းအပေါ် အပြင်းအထန်ပြစ်တင်ရှုံ့ချကြောင်း ထုတ်ပြန်သည်။

အသက်ဆုံးရှုံးခဲ့ရသောကလေးငယ်များ၏ မိသားစု၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းများနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

(ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်​ပြေးကြ​သောစစ်​ကောင်စီတပ်ဖွဲ့ဝင် နှင့် နယ်ခြား​စောင်ရဲတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- The Dhaka Tribune ၊ TTN )


Comments

Leave a Reply

Your email address will not be published. Required fields are marked *