မင်းပြား၊ ကျောက်တော်၊ ‌မြောက်ဦးမြို့များရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က သိမ်းပိုက်၊ စစ်ကောင်စီရေတပ်ပါ အထိနာ

ရခိုင်‌မြောက်ပိုင်းမြို့များဖြစ်သည့် မင်းပြား၊ ကျောက်တော်၊ ‌မြောက်ဦးမြို့များရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က သိမ်းပိုက်လိုက်‌ပြီး စစ်ကောင်စီ၏ ‌ခြေလျင်တပ်ရင်းများသာမက ရေတပ်ပါ အထိနာနေ‌ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ဟိုင်ဂင် သဘောတူညီချက်‌ကြောင့် ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်း‌မြောက်တွင် တိုက်ပွဲများ မရှိသလောက်နည်းပါးခဲ့သော်လည်း ရခိုင်ဒေသတွင် တိုက်ပွဲများ‌ကြောင့် ၁၀၂၇ စစ်ဆင်ရေးမှာ ရက္ခိုင်ဒေသစစ်ဆင်ရေးဟု ဆိုရလောက်သည်အထိဖြစ်ခဲ့ပြီး ကြီးမားထင်ရှားသည့် အ‌ပြောင်းအလဲများ ဖြစ်နေခဲ့သည်။

AA ၏ တလကျော်ကြာထိုးစစ်အပြီးတွင် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးထဲမှ မြောက်ဦး၊ ရဲတပ်ရင်း (၃၁) မှလွဲ၍ စခန်းအားလုံးကိုဖေဖော်ဝါရီ ၇ ရက်တွင် သိမ်းပိုက်ရယူထားပြီးဖြစ်သည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

‌မြောက်ဦးမြို့တွင် ခမရ (၅၄၀)၊ (၃၇၇) နှင့် (၃၇၈)နှင့်ရဲတပ်ရင်း (၃၁)တို့ အ‌ခြေစိုက်ကာ စစ်တပ်ရင်းများအားလုံးသိမ်းနိုင်ပြီဖြစ်သည်။

မင်းပြားမြို့တွင် ခမရ (၃၈၀)၊ (၃၇၉) နှင့် (၅၄၁)တပ်ရင်းတို့ အ‌ခြေစိုက်ပြီး ဇန်နဝါရီလပိုင်းက ယင်းတပ်ရင်းများသို့ စစ်ကူလာ သည့် စစ်‌ကြောင်းအား AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ရရှိခဲ့သည်။

ကျောက်တော်မြို့တွင် ခမရ (၃၇၄)၊ (၃၇၅)၊ (၃၇၆) တို့အ‌ခြေစိုက်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် AA က အပြီးသတ် သိမ်းယူခဲ့သည်။

ရခိုင်ဒေသတိုက်ပွဲများအနက် ဖေဖော်ဝါရီ ၇ ရက်တွင် ဖြစ်ပွားခဲ့ တိုက်ပွဲတွင် ရေ‌ကြောင်းတိုက်ပွဲတခုလည်း ပါ၀င်ခဲ့ပြီး စစ်ကောင်စီ၏ ရေတပ်အထိနာခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပြီး အသေးစိတ်ကို ထုတ်ပြန်ထားခြင်း မရှိပေ။သို့သော် ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ ကျောက်တော်တိုက်ပွဲတွင် စစ်ကောင်စီ၏ ရေယာဉ်သုံးစင်းအနက် နှစ်စင်းကို AA က နစ်မြှပ်ဖျက်စီးနိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၇ ရက် နေ့လည် ၁ နာရီခွဲတွင်ရမ်းဗြဲမြို့အား ဂျက်ဖိုက်တာဖြင့် ငါး ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ‌နေ့လယ် ၂ နာရီ ကျော်ခန့်၌လည်း စစ်ကောင်စီ၏ သင်္ဘောမှ လက်နက်ကြီးဖြင့် ငါးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ရမ်းဗြဲမြို့ကို လေ‌ကြောင်းမှ တိုက်ခိုက်မှုတွင် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၂၇ ရက်တွင် ပထမအကြိမ် အသုံးပြုပြီး နောက်ပိုင်းတွင် ထပ်မံအသုံးပြုခြင်းဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

ပလက်ဝဒေသကို ပြီးခဲ့သည့်နှစ် နို၀င်ဘာလကုန်ပိုင်းတွင် AA က စတင်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ရခိုင်‌မြောက်ပိုင်းရှိ ပေါက်တောမြို့ကို စတင်သိမ်းယူခဲ့ကာ မင်းပြား၊ ကျောက်တော်၊ ‌မြောက်ဦးမြို့များရှိ တပ်ရင်းများကို ထိုးစစ်ဆင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *