ဇရပ်ကြီးမြို့ကို စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ ၅၀ ကျော်ဒဏ်ရာရပြီး ပိတ်မိနေ၊ နေအိမ်များ မီးလောင်နေ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ ၅၀ ကျော် ထိခိုက် ဒဏ်ရာရကာ ပြည်သူများ ပိတ်မိနေ ကြောင်း ဒေသပြည်သူများကပြောဆိုသည်။

ယမန်နေ့မှစတင်၍ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းအထိ စတင်ကာ အကြမ်းဖက် စစ်တပ်က ဇရပ်ကြီးမြို့ကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးကာ ပြည်သူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူပိုင်နေအိမ်များကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

“ဇရပ်ကြီးမြို့၊ ကျုံပါရပ်ကွက်ကို စစ်တပ်က လေကြောင်းပစ်ခတ်လို့ မိန်းကလေးငယ်သုံးဦး အသက်ဆုံးရှုံးပါတယ်။ မနေ့ကတည်းကဆုံးတာ။ ဒီနေ့မနက်မှဒီနေ့မှသဂြိုဟ်ပေးရတယ်။ သေဆုံးသူတွေက ဒေါ်နန်းကြာဟဲရဲ့ သမီးတစ်ဦးနဲ့ ဦးစိုးသူသမီး နှစ်ဦးဆုံးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ဇရပ်ကြီးမြို့၊ သပြေကွင်းရွာတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပိတ်မိနေပြီး ပြည်သူ အများအပြားလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဇရပ်ကြီးကို စစ်ခွေးတွေ မီးတင်ရှို့နေပြီ ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်။ ကလေးတွေနဲ့ အသက်ကြီးပိုင်း ပြည်သူတွေ သပြေ ကွင်းမှာ ပိတ်မိနေတယ်။ ဒဏ်ရာရထားတာ ကလေး၊ လူကြီး ၅၀ ကျော်ရှိတယ်။ ပရဟိတ အဖွဲ့တွေ ကယ်ထုတ်ပေးနေတယ်။ တောင်ငူလေတပ်နဲ့က အရမ်းနီးကပ်နေတော့ လေယာဉ်က တစ်အားကျဲနေတယ်”ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ဇရပ်ကြီးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ စခန်း ၆ ခုထက် မနည်း တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများနေထိုင်သည့် နေရာများကို ပစ်မှတ်ထား၍ ပြန်လည် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top