စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရန် တော်လှန်ရေးအင်အားစု ၉ ဖွဲ့ပါဝင်သည့် ပြည်သူ့ ညီညွတ်ရေးတပ်ဦး ဖွဲ့စည်းကြောင်း ကြေညာ

အာဏာသိမ်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရန်အတွက် တော်လှန်ရေး အင်အားစု ၉ ဖွဲ့ပါဝင်သည့် ပြည်သူ့ ညီညွတ်ရေးတပ်ဦး ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်ဖို့အတွက် ပူပေါင်း ဖွဲ့စည်းလိုက်ရခြင်းဖြစ်ပြီး မည်သည့် အင်းအားစုနှင့် မဆို အတူတကွ ပူးပေါင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့ ညီညွတ်ရေး တပ်ဦး၏ ပြောရေးဆိုခွင့် ရှိသူ ကိုရောင်နီက ပြောသည်။

“ကျနော်တို့ တော်လှန်ရေးအင်အားစုကို ဖွဲ့စည်းဖြစ်တဲ့ အကြောင်းကတော့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကြောင့်ပါ။ ဒီနေရာမှာ လူမျိုးစွဲ အဖွဲ့အစည်းစွဲတွေ အယူဝါဒစွဲတွေကို မထားဘဲနဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင့်တဲ့ ဘယ်အင်းအားစုနဲ့မဆို အတူတကွ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်။ တစ်စုတစ်စည်းတည်း ကျစ်ကျစ်လစ်လစ်နဲ့ တိုက်ပွဲဝင်သွားကြမယ်။ ဒီလို သဘောမျိုးဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ် “ဟုပြောသည်။

အဆိုပါ တော်လှန်ရေးအင်အားစု ၉ဖွဲ့တွင် ပါဝင်သည့် အဖွဲ့အစည်းအမည်များကို လုံခြုံးရေးအရ လက်တစ်လောတွင် ထုတ်ပြန်သွားမည်မဟုတ်ဘဲ ယနေ့ကာလသည် သမိုင်းက ပေးအပ်သော နိုင်ငံရေး တာဝန်တွင်လည်း တပ်ပေါင်းစုဖွဲ့စည်းရေးသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း ဆိုသည်။

သို့သော်လည်း အများစုများမှာ ဧရာဝတီ မြစ်ဝန်းတစ်လျောက်တွင် ရှိသည့် ဒေသများမှ လူငယ်အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးတွင် ပေါက်ဖွားလာသည့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ Local PDFs များ၊ CDM ပြည်သူ့ ဝန်ထမ်းများ၊ လူငယ်သမဂ္ဂဟောင်းနှင့် လူငယ်တော်လှန်ရေးအဖွဲ့အစည်းများ က ပါဝင်ပြီး ဖွဲ့စည်းထားသည့် တော်လှန်ရေးအင်အားစု ဖြစ်ကြောင်း ကိုရောင်နီက ဆက်လက်ပြောသည်။

ယခု ဖွဲ့စည်းလိုက်သည့် ပြည်သူ့ညီညွတ်ရေး တပ်ဦးအဖွဲ့အစည်းမှာ ပါဝင်သူများမှာ ယခင် အာဏာမသိမ်း ခင်ကာလအတွင်းတွင် ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီအရေးတိုက်ပွဲများတွင် ပါဝင်ခဲ့ကြသည့် လူငယ်နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းများ ပါဝင်ကြောင်း သိရသည်။

စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အပြီးတိုင်ဖျက်သိမ်းရေး၊ လူမျိုးပေါင်းစုံလူထုတရပ်လုံး လုံးဝလွတ်မြောက်ရေး၊ တော်လှန်ရေးအဖွဲ့အစည်းအားလုံး သွေးစည်း ညီညွတ်ရေးစသည့်များကို ပြည်သူ့ညီညွတ်ရေး တပ်ဦး၏ ယနေ့ ထုတ်ပြန် ကြေညာချက်တွင် ရေးသားထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *