ကျိုက်မရောထောင် အစာငတ်ခံ ဆန္ဒပြမှု အောင်မြင်၊ နိုင်ကျဉ်း ၈ ဦး ဆေးရုံပို့ဆောင်ထားရ

မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြခြင်း ငါးရက်မြောက်ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထောင်အာဏာပိုင်များနှင့် သဘောတူညီမှု ရရှိကာ နိုင်ငံရေးအကျဉ်းသား ရှစ်ဦး ထောင်ဆေးရုံသို့ပို့ဆောင်ထားရကြောင်း ထောင်ဝန်ထမ်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

“ညက ထပ်ထုတ်ရတယ်။ စုစုပေါင်း ရှစ်ယောက်ရှိပြီ၊ လုံးဝမဟန်တော့တဲ့လူတွေပေါ့။ ဒီနေ့နဲ့ မနက်ဖြန်မှာလည်း ဆေးရုံပို့ရမယ့်လူတွေ ထပ်ထွက်လာနိုင်သေးတယ်ဗျ” ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ထောင်တွင်းအခြေအနေနှင့်ပတ်သက်၍ ယနေ့ နံနက် ၉နာရီခွဲခန့်တွင် ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီမှစတင်ကာ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၇ ဦးသည် အစာငတ်ခံ ဆန္ဒပြနေကြခြင်းဖြစ်ပြီး ကျန်သည့် နိုင်ငံရေးအကျဉ်းသား ၁၆၄ ဦးသည်လည်း ထောင်မှကျွေးသည့် အစားအသောက်များကို ငြင်းဆန်ခဲ့ကြသည်။

ယမန်နေ့ ဖေဖာ်ဝါရီ ၉ ရက်နေ့ ညပိုင်းအထိ အစာရေစာ မစားသဖြင့် အားအင်ချိနဲ့မှုကြောင့် နိုင်ငံရေးအကျဉ်းသား ရှစ်ဦး ထောင်ဆေးရုံသို့ ပို့ဆောင်ထားရပြီး ကျန်ရှိနေသူများသည်လည်း အားအင်ပြတ်လပ်ကာ ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း ထောင်ဝန်ထမ်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းအထိ ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုမှုကို လိုက်လျောခြင်း မရှိသေးသော်လည်း နေ့ခင်းပိုင်းတွင် ဆန္ဒပြနိုင်ငံရေးအကျဉ်းသားအချို့နှင့် ထောင်အာဏာပိုင်များဖြစ်သည့် ညွှန်မှူး ဦးဇော်မင်းအောင်၊ ထောင်ပိုင်ဦးသက်ဦး တို့နှင့် ညှိနှိုင်းမည်ဟု သတင်းရရှိထားသည်။ ယနေ့ မွန်းလွဲ ၁နာရီတွင် နောက်ဆုံးရရှိသည့် အချက်အလက်များအရ နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက်ကို ထောင်အာဏာပိုင်များမှ လိုက်လျောပေးလိုက်ပြီဖြစ်ပြီး ဆန္ဒပြမှု အောင်မြင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM )မှ ထုတ်ပြန်သည်။

“မနက်ကအထိတော့ နှစ်ချက်(လိုက်လျောပေးတယ်)။ ခုဏကမှ သုံးချက်လုံးအဆင်ပြေသွားပြီလို့ပြောတယ်။ (ဖမ်းခံထားရတဲ့) နှစ်ဦးကိုလည်း မူလအဆောင် ဒါမှမဟုတ် အဆင်ပြေမယ့်နေရာကို ပြန်ပို့ဖို့ စီစဉ််နေတယ်လို့ သိရတယ်။ လောဆယ်တော့ အဲ့နှစ်ဦးရဲ့အကြောင်းကို ထပ်စုံစမ်းရပါဦးမယ်”ဟု ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ညွှန်မှူး ဦးဇော်မင်းအောင်မှ ဦးဆောင်ကာ စစ်တပ်နှင့်ရဲများဖြင့် အင်အားသုံးကာ ရှာဖွေမှုလုပ်ဆောင်ခဲ့ပြီး ဖုန်းနှစ်လုံး ရှာဖွေတွေ့ရှိခဲ့သည်။ ထိုဖုန်းနှစ်လုံးနှင့် ဆက်နွယ်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၄ ရက်နေ့ည ထောင်ပိတ်ချိန်တွင် ထောင်မီးပိတ်ကာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် တိုက်ပိတ်အကျဉ်းချထားကြောင်း သိရသည်။

ယင်းကဲ့သို့ တရားလက်လွတ် ထောင်ပိတ်ချိန်တွင် နိုင်ငံရေးအကျဉ်းသားများကို ရုတ်တရက်ဖမ်းဆီးခေါ်ဆောင်ထားခြင်းနှင့်ပတ်သက်၍ ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများသည် အစာငတ်ခံဆန္ဒပြခဲ့ကြပြီး အဓိက အချက်သုံးချက်အပါအဝင် အချက်ငါးချက်ကို တောင်းဆိုထားသည်။

လက်ရှိရာသီဥတုအရ တိုက်ထဲတွင် အအေးဒဏ်လွန်ကဲနေမှုကြောင့် တိုက်ပိတ်ခံထားရသူနှစ်ဦးကို ကျန်းမာရေးစစ်ဆေးကာ တိုက်မဟုတ်သည့် နေရာသို့ အမြန်ဆုံး ပြောင့်ရွှေ့ပေးရန်၊ စစ်ဆေးမှုပြီးသည်နှင့်တပြိုင်နက် မူလနေထိုင်ရာ အဆောင်သို့ ပြန်လည်ပို့ဆောင်ပေးရန်၊ အကျဉ်းသူအကျဉ်းသားများကို ခေါ်ယူမေးမြန်းမှု ပြုလုပ်ပါက ထောင်ဖွင့်ချိန်တွင်သာ ပြုလုပ်ပေးရန် နှင့် စစ်ဆေးမှု ပြုလုပ်ရာတွင်လည်း တရားလက်လွတ် ဆောင်ရွက်ခြင်းမပြုရန်နှင့် လူ့အခွင့်အရေးနှင့်အညီဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုမှုနှင့် ဆန္ဒပြမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်( PPNM )မှလည်း ကျိုက်မရောအကျဉ်းထောင်မှ ဆန္ဒပြနိုင်ငံရေးအကျဉ်းသားများနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်ထားသည်။ အစာငတ်ခံ ဆန္ဒပြခြင်း ငါးရက်မြောက်နေ့တွင် အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်သည်။ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်နှင့် နိုင်ငံရေးအကျဉ်းသူ ၁၈၀ ကျော် ရှိကြောင်း သိရသည်။

စစ်ကောင်စီဘက်ကမူ လက်ကိုင်ဖုန်းနှစ်လုံး သိမ်းဆည်းရရှိပြီး နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ညဘက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကာ သီးခြားခွဲထားသည်ကို ဝန်ခံထားသော်လည်း အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြမှုမရှိကြောင်း ငြင်းဆိုထားသည်။ သို့သော် ထောင်ဝန်ထမ်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်မှ ဖေဖော်ဝါရီ ၆ ရက်နေ့မှ ယနေ့ အထိ နံနက်ပိုင်းအထိ ကျိုက်မရော အကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြခဲ့ကြကာ အကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရကြောင်း မဇ္ဈိမကို အခိုင်အမာ ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း ကျိုက်မရော အကျဉ်းထောင်တွင် ဆေးဝါးကုသမှု လုံလောက်စွာ မရသဖြင့် တလအတွင်း နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးခဲ့ရသည်။

ဇန်နဝါရီ ၁၂ ရက်နေ့တွင် အသက် ၄၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုရာရှင်နှင့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် အသက် ၃၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးအောင် တို့ဖြစ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီနှင့်ဖေဖော်ဝါရီ လဆန်းပိုင်းအထိ ကျိုက်မရော၊ မကွေး၊ ကလေး နှင့် မန္တလေးအိုးဘို အကျဉ်းထောင်တို့မှ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ငါးဦး လုံလောက်စွာ ဆေးဝါးကုသမှု မရရှိသဖြင့် သေဆုံးခဲ့ရကြောင်း PPNM မှ ကောက်ယူထားသည့် အချက်အလက်အရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *