စစ်​ကောင်စီက ဖေ​ဖော်ဝါရီ ၉ ရက်တွင် ကောလင်းမြို့ ​ဆေးရုံကို ဗုံးကြဲ၍ ဆေးရုံပျက်စီးခဲ့​သော်လည်း လူထိခိုက်မှု မရှိ

ကောလင်းမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီက ဓါတ်ဆီလောင်းမီးရှို့ခဲ့သည့် ပြည်သူတစ်ဦးကို PDFများကယ်ထုတ်

စစ်ရဟတ်ယာဉ်တစ်စီးကိုပစ်ခတ်နိုင်ပြီး ပျူစခန်းတစ်ခုကို PDFများသိမ်းယူ

ကောလင်းမြို့တွင်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ယနေ့တိုက်ပွဲတွင် စစ်ကောင်စီက ဓာတ်ဆီလောင်းမီးရှို့ခဲ့သည့် အရပ်သားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကယ်ဆယ်နိုင်ခဲ့ပြီး စစ်ရဟတ်ယာဉ်တစ်စီးကိုလည်း ပစ်ခတ်နိုင်ခဲ့ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

“တိုက်ပွဲက မနက်ကတည်းက စတာ။ တ‌မနက်လုံး မြို့တွင်းတိုက်ပွဲ ဖြစ်တယ်။ လေကြောင်းက တစ်ကြိမ်လာပစ်တယ်။ မြို့ထဲတော့ အပျက်အစီးများတယ်။ ဝန်းသိုမှာတော့ ကောလင်းကနေလာတဲ့ Mi-17ကို ပစ်တာ ထိသွားတယ်။ အဆင်းမှာ ပစ်တာ။ ထိပြီး ကွင်းထဲဆင်းသွားနိုင်တယ်”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဝန်းသိုမြို့အခြေစိုက် ခမရ(၁၂၀)သို့ ဆင်းသက်သည့် Mi-17ကို ယနေ့(​ဖေ​ဖော်ဝါရီ ၁၀ရက်) နေ့လယ် ၁၂ နာရီခန့်တွင် ဝိုင်းဝန်း ပစ်ခတ်ခြင်းဟု သိရသည်။ အဆိုပါ ရဟတ်ယာဉ်ပေါ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းပါဝင်ပြီး ရဟတ်ယာဉ်ပျက်မကျသော်လည်း လူထိခိုက်နိုင်ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ဖေ‌ဖော်ဝါရီလ ၈ ရက်ကလည်း ကန့်ဘလူမြို့ရှိ ချက်သင်းဘေးမဲ့တောအတွင်းမှ စစ်ကောင်စီနှင့် ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်နေစဉ် လေကြောင်းမှ လာပစ်သည့် စစ်ကောင်စီ၏ Mi-35 ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက

ပွိုင့် ဖိုက်ဖြင့် ပစ်ခတ်ရာ ထိမှန်ခဲ့သည်။ ထိုရဟတ်ယာဉ်သည် မီးခိုးတန်းထွက်လျက် ကန်ဘလူမြို့ရှိ တင့်ကားတပ်ရင်း ၆၀၀၆ ဘက်သို့ ပျံသန်းသွားကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံအချို့က​ပြောသည်။

ထိုနေ့ကတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းမှူး သေနတ်ကျည်ထိမှန်သွားကြောင်း နောက်ဆက်တွဲသတင်းရသည်ဟု ​တော်လှန်​ရေးရဲဘော်တဦးက ပြောသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီ၏လက်နက်ကြီးကျရောက်မှုနှင့်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များမီးလောင်ကျွမ်းခဲ့ပြီး

ပြည်သူတစ်ဦးကိုလည်း ဓာတ်ဆီလောင်းကာမီးရှို့ခဲ့သည်ဟု သတင်းရရှိထားကြောင်း Kawlin Revolution-KR က သတင်းထုတ်ပြန်သည်။မီးရှို့ခံရသောပြည်သူအား PDFများကကယ်ထုတ်၍ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း ကနဦးသတင်းကို Kawlin Revolution-KR က အသိ​ပေးထားသည်။

ထို့အပြင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်သည့်‌​နေရာ မဟုတ်‌ဘဲကောလင်းမြို့နယ် ချောင်းနားရွာအနောက်ဘက်သို့ ​ဖေ​ဖော်ဝါရီ ၁၀ ရက် နေ့လယ် ၁၁ နာရီ ၃၅မိနစ်တွင် လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှု၌လူထိခိုက်မှုမရှိခဲ့သော်လည်း အိမ်မွေးတိရစ္ဆာန်များသေဆုံးခဲ့ကြောင်းသိရသည်။

အလားတူ စစ်ကောင်စီတပ်သည် ကောလင်းမြို့ဆေးရုံအား​ဖေ​ဖော်ဝါရီလ ၉ ရက်ည​နေ ၃ နာရီ​ကျော် တွင် ​လေ​ကြောင်းမှ ဗုံး​လေးလုံးကြဲခဲ့သည်။​လေ​ကြောင်းမှ ဗုံးကြဲမှု​ကြောင့် ​ဆေးရုံမှာလုံးဝပျက်စီး​ခဲ့သော်လည်း လူထိခိုက် မှု မရှိ​​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊ ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က​ပြောသည်။ စစ်​ကောင်စီတပ်က အာဏာသိမ်းပြီး​နောက်ပိုင်း ​ဆေးရုံ ၊​ဆေးခန်းများကိုပစ်မှတ်ထားတိုက်ခိုက်​သော​ကြောင့် ​ဆေးရုံ၊​ဆေးခန်း​ပေါင်း ၃၀၀ ​ကျော် ထိခိုက်ပျက်စီးခဲ့​ကြောင်း Insecurity Insight က​ဖော်ပြထားသည်။ Insecurity Insight မှာ အာဏာသိမ်းပြီး​နောက်ပိုင်း ကျန်းမာ​ရေး ကဏ္ဍအ​ပေါ် တိုက်ခိုက်မှုများ ထိခိုက်မှုများကို ​စောင့်ကြည့်မှတ်တမ်းတင်​ပေး​နေခြင်းဖြစ်သည်။

“လက်ရှိအ​ခြေအ​နေက ​တော်လှန်​ရေးအင်အားစု​တွေက ​ကောလင်းကို အ​ကောင်းဆုံးခုခံကာကွယ်​နေတဲ့ အ​ခြေအ​နေမှာပဲ ရှိပါ​သေးတယ် ။ မြို့ကို ကာကွယ်ထိန်းချုပ်ထားတယ် ။အခု​ဆေးရုံပျက်စီး​နေတဲ့ ဓါတ်ပုံ​တွေဆိုရင်လည်း ကျွန်​တော်တို့​တော်လှန်​ရေးအင်အားစု​တွေထဲက ရယူ ထားတဲ့ ပုံ​တွေဖြစ်ပါတယ် ။ အကြမ်းဖက်စစ်​ကောင်စီက​တော့ လက်နက်ကြီးနဲ့ ဆက်တိုက် အဆက်မပြတ် ပစ်ခတ်​နေတာ​တွေ ၊​နောက်ပြီး​တော့ သူတို့ Target ထားတဲ့ ပစ်မှတ်အချို့ကို ​လေယာဥ်နဲ့ ဗုံးကြဲတာ ဒါ​တွေက​တော့ ​နေစဥ်ရက်ဆက်ပြုလုပ်​နေတဲ့ အ​ခြေအ​နေဖြစ်ပါတယ်။ ” ဟု ဦး​နေဘုန်းလတ်က ရှင်းပြသည်။

ထို့အပြင် ယနေ့တိုက်ပွဲ၌ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာရှိ စစ်ကောင်စီထောက်ခံသည့်ပျုဘုန်းကြီး ဝါသဝ၏ စခန်းတစ်ခုကို ယနေ့‌ (ဖေဖော်ဝါရီလ ၁၀ ရက် )နံနက် ၄ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းယူခဲ့ကြောင်းသတင်းရရှိသည်။

“ဝါသဝရဲ့ ပျူစခန်းက ကောလင်းကို ထောက်ထားတာ။ ကျတော်တို့က နောက်ကနေပြန်ပတ်ပြီး တိုက်တာ။ လက်နက်တွေလည်းရတယ်။ ပျူတွေလည်းသေတယ်”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက် ညမှစ၍ ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့ကျေးရွာဘက်ခြမ်း၊ ကြခတ်ကုန်းနှင့် ဖလဲရွာတို့ဘက်မှ အင်အား ရာ​ပေါင်းများစွာဖြင့် စစ်ကြောင်းများခွဲ၍ ထိုးကာ တိုက်ခိုက်လာခြင်းဖြစ်သည်။ ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)မှာတိုက်ပွဲ ရှစ်ရက်မြောက်ဖြစ်ပြီး ​တော်လှန်​ရေးတပ်ဖွဲ့များက မြို့ကိုထိန်းချုပ်ထားဆဲ​ကြောင်း သိရသည်။

(စစ်​ကောင်စီက ​လေ​ကြောင်းမှ ဗုံးကြဲ၍ ပျက်စီးသွား​သော ​ကောလင်းမြို့ ပြည်သူ့​ဆေးရုံ ။ဓါတ်ပုံ-NUG )


Comments

Leave a Reply

Your email address will not be published. Required fields are marked *