လာရှိုးတွင် လာရောက်တိုက်ခိုက်ခံရမည်ကိုစိုး၍ မိုင်းအထပ်ထပ်ခင်းရာမှ ကိုယ့်မိုင်းကိုယ်နင်းမိသည့် စစ်ကောင်စီတပ်မှဗိုလ်ကြီး ခြေထောက်ပြတ်

ရှမ်းမြောက်၊ လားရှိုးမြို့၊ မိုင်းယော်ရှိ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးသည် ၎င်းတို့ထောင်ထားသည့်မိုင်းကို ပြန်နင်းမိပြီး ခြေထောက်ပြတ်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က မိုင်းယော်အထွက် အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်. (စကခ ၁၆) လက်အောက်ခံ ခမရ-၆၈ တပ်ရှိ တပ်အ၀င်ဂိတ်နေရာများကို လိုက်လံမိုင်းခင်းပြီးနောက် မိုင်းကွင်းအတွင်းပြန်လှည့်သည့် ဗိုလ်ကြီးဖြိုး ပြည့်စုံသည် ၎င်းထောင်ထားသည့်မိုင်းကို ပြန်နင်းမိပြီး ခြေထောက်ပြတ်ထွက်သွားကာ လားရှိုးစစ်ဆေးရုံသို့ တင်ပို့ကုသနေရကြောင်း သိရသည်။

“ဗိုလ်ကြီးက သေနတ်ကျန်ခဲ့လို့ မိုင်းခင်းပြီးတော့မှ မိုင်းကွင်းထဲပြန်၀င်သွားတာ။ သူခင်းတဲ့မိုင်း သူပြန် နင်းမိသွားတာ။ တိုတစ်ရှည်တစ်ဖြစ်သွားတယ်။ သူက DSA ၅၃ ဆင်း”ဟု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လားရှိုးမြို့နယ်တွင် ရှမ်းမြောက်အတွင်း လက်နက်ချပြီးနောက် ကျန်ခဲ့သည့်တပ်များနှင့် ကျောက်မဲတို့မှစစ်ကူ ရောက်လာသည့် တပ်များစုပြုံနေထိုင်လျက်ရှိပြီး တပ်၀န်းကျင်ကို မဟာမိတ်တပ်များ လာရောက်မည် စိုး၍ မိုင်းအထပ်ထပ်ခင်းကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကိုယ့်မိုင်းကိုယ်ပြန်နင်းမိသည့် အဆိုပါ ခမရ-၆၈ တပ်သည် လားရှိုး၊ မိုင်းယော်အထွက် ကားလမ်းပေါ်တွင် ဂိတ်ဖွင့်ပြီး စစ်ဆေးရေးတင်းကျပ်စွာဖြင့် ကုန်တင် လာသည့်ယာဉ်များကို ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသည့် တပ်ဖွဲ့ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

လားရှိုးရှိ စစ်ကောင်စီတပ်အချို့သည် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ကိုးကန့်တပ်မတော် (MNDAA) နှင့် တအာင်းတပ်မတော် (TNLA) တပ်များ ရှိသည်ဟု ယူဆရသည့်နယ်မြေများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း မဟာမိတ် တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ-စစ်ကောင်စီတပ်က ထုတ်လုပ်သည့် မြေမြုပ်မိုင်းများကို တွေ့ရစဉ် (ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *