KIAဗိုလ်လောင်းသင်တန်းဆင်း CNA ရဲဘော်များနှင့် ရှေ့တန်းပြန်ရဲဘော်များကို CNF ခေါင်းဆောင်နှင့်အဖွဲ့ ကြိုဆို

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဗိုလ်လောင်းသင်တန်းဆင်း ချင်းအမျိုးသားတပ်မတော်(CNA) ရဲဘော်များကို ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးဦးဆောင်သည့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း ChinLand Information Center (CIC)က ဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၉ရက်)တွင် CICက ဖော်ပြသည့် ဓာတ်ပုံသတင်းတွင် ရက်ပေါင်း ၅၀ကျော် ခရီးကြမ်းနှင်လာခဲ့ကြသည့် ရှေ့တန်းပြန် စစ်သည်တော်များနှင့် KIA မှ ဗိုလ်လောင်းသင်တန်းဆင်း အရာရှိများကို ချင်းလုံ မိသားစုများမှ နွေးထွေးစွာ ကြိုဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။

အသေးစိတ် အချက်အလက်များကို ဖော်ပြထားခြင်းမရှိ၍ ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့အထိ အဆက်အသွယ်မရသေးပေ။

CIC ကဖော်ပြသည့် ဓာတ်ပုံတွင် ရှေ့တန်းပြန် ရဲဘော်များနှင့် KIA ဗိုလ်သင်တန်းဆင်း အရာရှိများကို ကြိုဆိုသူများထဲ၌ CNF ဥက္ကဋ္ဌ ဖြစ်သူ ချင်းပြည်ကောင်စီ ခေါင်းဆောင် ပူးဇင်ကျုံးကို တွေ့ရသည်။

ချင်းလုံမိသားစုဟု ဖော်ပြထားခြင်းမှာ ချင်းပြည်ကောင်စီ ရုံးစိုက်ရာ နေရာဒေသကို ချင်းလုံမြို့ဟု အမည်ပေးထားခြင်းဖြစ်ပြီး CNF/CNA ဌာနချုပ် တည်ရှိရာ ထန်တလန်မြို့နယ်အတွင်း၌ ရှိသည့်မြို့ဖြစ်သည်။

“အရင် Camp Victoria၊ Victoria Base ပြီးတော့ အခု Chinlung(ချင်းလုံ)လို့ အဆင့်ဆင့်ပြောင်းခဲ့တာပါ။ စစ်ရေးအရ တိုက်ပွဲကိုတော့ အတိအကျ အသိမပေးထားပါဘူး”ဟု CIC သတင်းရင်းမြစ်က ယမန်နေ့ ဓာတ်ပုံသတင်း ဖော်ပြချက်နှင့်ပတ်သက်ပြီး ရှင်းပြသည်။

ရှေ့တန်းပြန်ရဲဘော်များကို ချင်းလုံမိသားစုက ကြိုဆိုသည်ဆိုသည့် ဖော်ပြချက်မှာ မြို့နေ့လူအားလုံးကို ကိုယ်စားပြု ဖော်ပြခြင်းဖြစ်သည်ဟု ၎င်းက ပြောပြသည်။

CNA တပ်သားများသည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက KIA ဗိုလ်လောင်းသင်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိခဲ့သည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လိုင်ဇာဒေသ တိုက်ပွဲများတွင် CNF/CNA တပ်သားများသည် KIAနှင့်အတူ တိုက်ပွဲဝင်ခဲ့ခြင်းများရှိသည်။

၂၀၂၃က လိုင်ဇာအနီးစစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ ပြန်လည်ခုခံရာတွင် KIAနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြပြီး လိုင်ဇာအနီး အောင်ဂျာစစ်စခန်းသိမ်းပိုက်မှု အပါအဝင် ဒေသတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ကြောင့် CNF/CNA အပါအဝင် KIA နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည့် မဟာမိတ်များကို KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းက ဂုဏ်ပြု မှတ်တမ်းတင်စာကို အောက်တိုဘာလတွင် သက်ဆိုင်ရာတပ်များထံ ပေးပို့ ဂုဏ်ပြုခဲ့သည်။

CNF/CNA အနေဖြင့် ချင်းနှင့် ကချင်အမျိုးသား ပြည်သူများအပါအဝင် တိုင်းရင်းသား ပြည်သူ များလိုလားတောင့်တနေသော နိုင်ငံရေးပန်းတိုင် ရောက်ရှိရေးအတွက် KIO/KIAနှင့် အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယခု ဖေဖော်ဝါရီ ၅ရက်က ကျရောက်သည့် (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ CNFက သဝဏ်လွှာပေးပို့ ပြောကြားခဲ့သည်။

(ရက်ပေါင်း ၅၀ ကျော် ခရီးကြမ်းနှင်လာခဲ့ကြတဲ့ ရှေ့တန်းပြန်စစ်သည်တော်များနဲ့ KIA မှဗိုလ်လောင်း သင်တန်းဆင်းအရာရှိများကို Chinlung မိသားစုများမှ ကြိုဆိုနေစဉ်။ ဓာတ်ပုံ – CIC)


Comments

Leave a Reply

Your email address will not be published. Required fields are marked *