မင်းလှတွင် ပျူစောထီးစစ်သင်တန်းပေးနေစဉ် အချင်းချင်းပစ်ခတ်မိပြီး နှစ် ဦးဒဏ်ရာရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်တွင် ယနေ့ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်က ဘုရားဝင်းရွာအနီးတွင် စစ်သင်တန်းတက်ရောက် နေသည့် ပျူစောထီးအချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်းလှ၊ စိန်ကန့်လန့်အခြေစိုက် ခလရ-၁ တပ်ရင်းမှ တပ်သားများက ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ဝင်များကို စစ်သင်တန်းပေးနေစဉ် ပျူစောထီးအဖွဲ့ဝင်တစ်ဦးမှ စနောက်ပစ်ခတ်ခဲ့ရာ ကျန်အဖွဲ့ဝင်နှစ်ဦးမှာ ကျည်ထိမှန်ခဲ့၍ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“ပျူစောထီးတွေကို စစ်သင်တန်းပေးနေတာ။ ဒီနေ့မနက်မှာ ကား သုံးစီးနဲ့လာပို့သွားတယ်လို့သိရတယ်။ ဘယ်ရွာတွေကလည်းတော့မသိဘူး။ ဒီမနက်မှ သေနတ်ပစ်လေ့ကျင့်သံတွေ ညံနေရော။ ပစ်တဲ့တစ်ယောက်က ကျည်မရှိဘူးထင်ပြီး ကျန်နှစ်ယောက်ကို ပစ်လိုက်ရမလားဆိုပြီးစတာ။ အဲ့တာကို ဟိုဘက်ကလည်း သတ္တိရှိရင်ပစ်ဆိုပြီး ပြောတော့ပစ်လိုက်တာ။ ကျည်ထိပြီး အဲ့ဒီနှစ်ယောက်ကို ဆေးရုံပို့လိုက်ရတယ်” ဟု မင်းလှဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

စစ်သင်တန်းတက်နေသည့် ပျူစောထီးအဖွဲ့ဝင်များမှာ မည်သည့်ကျေးရွာများမှ ဖြစ်ကြောင်း မသိသေးသော်လည်း မင်းလှမြို့နယ်တွင် ကျေးရွာအများစုမှ အုပ်ချုပ်ရေးမှူးများမှာ ပြည်သူ့စစ်(ပျူစောထီး) စုဆောင်းရဲခြင်း မရှိတော့ကြောင်း သိရသည်။

“မင်းလှမှာက အုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်မစုရဲကြတော့ဘူး။ တော်လှန်ရေးဘက်ကရှင်းတာများတော့။ နှုတ်ထွက်ကြတယ်။ နောက်ပြီးသူတို့က စစ်ကောင်စီကို ပြန်မေးကြတာ သူတို့ကို ဘယ်လိုတာဝန်ယူ ကာကွယ်ပေးမလဲပေါ့။ စစ်တပ်က အဲ့လောက်ထိလိုက်မလုပ်နိုင်ဆော့ လူစုဖို့ ဖိအားမပေးတော့ဘူးပေါ့” ဟု မင်းလှအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ပြည်သူ့စစ်ဖွဲ့စည်းရန် ဖိအား‌ပေးစေခိုင်းနေသည့် ရွှေဝါမြိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဟန်ကို တော်လှန်ရေးတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top