စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်က ယနေ့ နံနက်ပိုင်း ခရီးသွား လူငယ်များကို အကြောင်းမဲ့ တားဆီး ဖမ်းဆီးပေါ်တာဆွဲနေ

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်က ယနေ့ နံနက်ပိုင်း ခရီးသွား လူငယ်များကို အကြောင်းမဲ့ တားဆီး ဖမ်းဆီးပေါ်တာဆွဲနေ၊ လူငယ် ၄၀ ကျော် အဖမ်းခံထားရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်က ခရီးသွား လူငယ်များကို အကြောင်းမဲ့ တားဆီး ဖမ်းဆီးနေကြောင်း ဒေသပြည်သူများကပြောဆိုသည်။

ယနေ့ နံနက် ၉ နာရီကျော်အချိန်မှစတင်၍ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ် ရွာမကျေးရွာနှင့် လယ်ကြီးကြားတမာကုန်းအကြား လယ်ကြီးဇရပ်တွင် ခရီးသွားဆိုင်ကယ်များ၊ ကားများကို တားဆီးပြီး ကားပေါ်ပါသည့် လူငယ်များကို စစ်တပ်က တားဆီးဖမ်းဆီးထားကြောင်း ၊ ပေါ်တာဆွဲနေခြင်းဖြစ်ကြောင်း ဒေသပြည်သူက ရှင်းပြသည်။

“စစ်ကိုင်းမြို့နယ် မုံရွာ-မန်းလမ်းမကြီးပေါ် ရွာမနဲ့လယ်ကြီးကြားတမာကုန်းအကြား လယ်ကြီးဇရပ်မှာ ခရီးသွားကားဆိုင်ကယ်များကိုတားဆီးပြီး လူငယ်တွေကို ပေါ်တာဆွဲနေတယ်။ ကား၊ဆိုင်ကယ် အကုန်တားစစ်ပြီး လယ်ကြီးဇရပ်မှာ ကားတွေတားပြီး လူငယ်အမျိုးသားတွေကိုဆွဲချတာ။ ပြည်သူ့စစ်ထဲထည့်ဖို့ထင်တယ်။ အခုမနက် စဖမ်းတာပါ။ သူတို့စိုးမိုးတဲ့ လမ်းပိုင်းမှန်သမျှ အဲ့လိုလုပ်တော့မယ်ထင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ဆေးသည့်နေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ ဝန်းကျင်ရှိပြီး ဖမ်းဆီးခံထားရသည့် လူငယ် ၄၀ ကျော် ရှိနေကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်တပ်ကမုံရွာ-မန္တလေးလမ်းပေါ်တွင် လူငယ်များကို ဖမ်းဆီးနေသည့် သတင်းမှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီး ပြည်သူတိုင်း စစ်မှု မထမ်းမနေရ တာဝန်ထမ်းဆောင်ရမည်ဟု စတင်ကြေညာခဲ့သည်။

၂ဝ၂၁ ခုနှစ် ဧပြီလက ကရင်ပြည်နယ် ဒူးပလာခရိုင်အတွင်းတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ Photo: AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *