စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ ဖွဲ့စည်းပြီးလျှင် နိုင်ငံကူးလက် မှတ် လျှောက်ထားရယူခြင်းနှင့် ပြည်ပသို့ လူငယ်များ ထွက်ခွာမှုများကို ပိတ်ပင်ကန့်သတ်မှုများရှိလာလိမ့်မည်ဟုဆို

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းပြီးပါက နိုင်ငံကူးလက်မှတ်များ လျှောက်ထားရယူခြင်းနှင့် ပြည်ပသို့ လူငယ်များ ထွက်ခွာမှုများကို ပိတ်ပင်ကန့်သတ်မှုများရှိလာလိမ့်မည်ဖြစ် ကြောင်း နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်ကပြောဆိုသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၆ အရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဖွဲ့များကို စစ်ကောင်စီက မကြာမီဖွဲ့စည်းမည်ဖြစ်ရာ ယင်းသို့ ဖွဲ့စည်းပြီးလျှင် နိုင်ငံကူးလက်မှတ်လျှောက်ထားရယူခြင်း၊ ပြည်ပသို့ ထွက်ခွာမည့် လူငယ်များကို လေဆိပ်တွင် အဆိုပါအဖွဲ့များ၏ ထောက်ခံစာ၊ စစ်မှုထမ်းရန် ပြန်လာပါမည်ဆိုသော ဝန်ခံ ကတိပြုချက်များ ပေးရလိမ့်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

“ပြည်ပထွက်တာတွေကို စိစစ်ဖို့ လူငယ်တွေ ပြည်ပထွက်တာတွေကို စိစစ်ဖို့ တပ်ချုပ်က ပြောခဲ့တာရှိပါတယ်။ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့တွေ ဖွဲ့စည်းပြီးရင် နိုင်ငံခြားထွက်ဖို့ ပတ်စ်ပို့လျှောက်တာတွေမှာ စစ်မှုထမ်းပြီးကြောင်း လက်မှတ် တင်ပြရတာ၊ စစ်မှုထမ်းဖို့ ပြန်လာပါမယ်ဆိုတဲ့ ကတိပြု ဝန်ခံချက် တင်ပြရတာ ပါလိမ့်မယ်။ နောက်ပြီး ပြည်ပထွက်မယ်ဆိုရင်လည်း လေဆိပ်မှာ အဲဒါတွေ တင်ပြမှ ထွက်ခွာခွင့်ပေးတာမျိုးတွေ ရှိလာလိမ့်မယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ပြည်ပသို့ လူငယ်များထွက်ခွာမှု အလွန်များပြားနေသဖြင့် စိစစ်ကြပ်မတ်ရန် ၊ ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာနေမှုကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု အပါအဝင် ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် အမိန့်ပေးခဲ့ဖူးကြောင်း သိရှိရသည်။

ပြည်ပရောက် မြန်မာများအနေဖြင့်လည်း သက်ဆိုင်ရာ သံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက အခွန်ဆောင်သည့် သက်သေအထောက်အထားအပြင် မြန်မာနိုင်ငံမှ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ထောက်ခံချက်၊ ဝန်ခံကတိပြုချက်များ ပေးရလိမ့်မည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်လေဆိပ်၊ ထွက်ခွာမြင်ကွင်း ။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *