စစ်မှုထမ်းဥပဒေထုတ်ပြန်မှု ပေါ့ဆမနေဘဲ တော်လှန်ရေးတပ်များနှင့် အတူ ပူးပေါင်း တွန်းလှန် တိုက်ခိုက်ရန် အချိန်ကောင်းဟု KNDF ဒုစစ်ဦးစီးချုပ်ပြော

အာဏာသိမ်းစစ်ကောင်စီကl ဖေဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပေါ့ဆရမည့် ကိစ္စမဟုတ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ်က မာဝီက ပြည်သူများကို သတိပေး ပြောကြားခဲ့ပြီး တနိုင်ငံလုံး စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ရန် အခွင့်အခါသင့် သည့် အချိန်ရောက်ပြီဖြစ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

“ရှင်းပါတယ်။ စစ်ကောင်စီဘက်မှာ မလုပ်ချင်ဘူး မနေချင်ဘူးဆိုတဲ့ သူတွေကတော့ ပြည်သူ့တော်လှန်ရေးသမားတွေနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အမြန်ဆုံးသွားရောက်ဖို့ လိုတာပေါ့လေနော်။ ပြီးတော့မှ တစ်နိုင်ငံလုံး ပြန်ပြီးတော့ တွန်းလှန်တိုက်ခိုက်လိုက်ကြဖို့ ဒါအချိန်ကောင်းပဲ။ အခွင့်အခါသင့်တဲ့ အချိန်ပဲဆိုတဲ့ဟာမျိုးတော့ ကျနော်တို့ မြင်ပါတယ်” ဟု ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။

စစ်ကောင်စီ၏ ယခု စစ်မှုထမ်း ဥပဒေ ထုတ်ပြန်မှု ကို ပေါ့ဆစွာ တွေးနေ၍ မရဟုလည်း ၎င်းက ပြောသည်။

“ဟာ ပြီးသွားမှာပါကွာဆိုတဲ့ ဟာမျိုး ပေါ့ပေါ့လေး တွေးလို့မရဘူးလို့ ကျနော်ထင်ပါတယ်။ နောက်တစ်ခုကတော့ ဒီကိစ္စသည် အရင်ခေတ်တွေတုန်းကလိုပဲ ပိုက်ဆံရှိတယ် ငါတို့တော့ ပြီးသွားမှာပါ။ ငါတို့တော့ လာဘ်ပေးလိုက်လို့ရှိရင် အဆင်ပြေသွားမှာပါ လို့လည်း ရချင်မှ ရမှာ။ ဘာဖြစ်လို့လဲဆိုရင် စစ်ကောင်စီသည် သူ့ရဲ့ ထွက်သက်ငင်နေတဲ့အချိန်မှာ သူမရရတာကို ဆုပ်ကိုင်သွားလိမ့်မယ်။ မရရတာကို ဆွဲချသွားလိမ့်မယ်။ အဲဒါကြောင့်မို့လို့ သတိကြီးကြီးထားစေချင်တယ်” ဟု ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။

ထို့ကြောင့် ပြည်သူလူထုများ အနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များ ဆီသွားရောက်ခိုလှုံပြီး စစ်ကောင်စီကို အတူတကွ တိုက်ပွဲဝင်ကြရန် တိုက်တွန်းသည်။

“တိုက်ပွဲမဝင်နိုင်တဲ့သူတွေဆိုရင်လည်း ကျရာအခြားအခန်းကဏ္ဍကနေပေါ့လေ။တိုက်ပွဲဝင်တယ်ဆိုတာ လက်နက်ကိုင်ပြီး တိုက်တာ တစ်ခုတည်း ပြောတာမဟုတ်ဘူး။ အခြားကိစ္စတွေမှာလည်း စစ်ကောင်စီ ပြိုလဲနိုင်ဖို့ အင်တိုက်အားတိုက် များများလေး သေချာလေးလုပ်လိုက်ကြမယ်ဆိုရင်ပွဲပြတ်သွားနိုင်ပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ်က ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် အမိန့်ဖြင့် ထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် စစ်ခေါင်းဆောင် နှင့် စစ်ကောင်စီအတွက် နိဂုံး၏ အဆုံးသတ် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ခေါင်းဆောင်းတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း ပြောသည်။

“၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့က

( နိဂုံးရဲ့အစ )ဆိုရင်….၂၀၂၄ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ စတင်

အာဏာတည်သော ဥပဒေ က

( နိဂုံးရဲ့အဆုံးသတ် )..လို့ဆိုရမှာပေါ့။”

ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ခေတ်သစ်သတင်းဌာနက ဖော်ပြသည့် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်ပြဌာန်းသည်ဆိုသည့် သတင်းတွင်မှတ်ချက်ပေးထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်​ကောင်စီသည် နိုင်ငံတစ်ဝန်း စစ်ပွဲအများစုတွင် ရှုံးနိမ့်​နေပြီး ​သေဆုံးထိခိုက်သူ ၊ထွက်​ပြေးသူ ၊လက်နက်ချသူများ​နေကာ မြို့​ပေါင်း ၄၀ ​ကျော်လက်လွတ်ဆုံးရပြီး​နောက် တပ်သားသစ်စု​ဆောင်ရန် ခက်ခဲ​နေချိန်တွင်
ယခုဥပ​ဒေကို ပြဌာန်းခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်မတော် (CNF/CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း”အရပ်သားပြည်သူတွေအပေါ် စစ်သားစုဆောင်းတာ မဖြစ်နိုင်တော့လို့ ဥပဒေကို အကာအကွယ်ယူပြီးအတင်းအဓမ္မ လက်နက်ကိုင်ခိုင်းတာပဲ၊ ဒါက ရှင်းပါတယ်၊နွေဦးတော်လှန်ရေးမှာ စကစ လက်နက်ကိုင်အင်အား အင်မတန် ချည့်နဲ့သွားတယ်ဆိုတဲ့ သက်သေပဲပေါ့။စကစ ဟာ ပြည်သူရဲ့ ရန်သူဖြစ်နေတော့ လက်နက် မဲ့ ပြည်သူတွေ စိုးရိမ်မှာပဲလေ။ဘယ်လိုပဲဖြစ်ဖြစ် စကစ အပြတ်ချေမှုန်းမှသာ ပြည်သူဘဝ လုံခြုံမှာလေ၊ ဒီတော့ ပြည်သူတွေအနေနဲ့ စကစ ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ပါပဲ”ဟု ပြောကြားသည်။

မင်းအောင်လှိုင်နှင့် စစ်ကောင်စီတပ်၏ ကြံရာမရသည့် နောက်ဆုံးလုပ်ရပ်အပေါ် ပြည်သူများ ပူးပေါင်းပါဝင်ခြင်းမရှိရန် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဝေကြီးက ပြောကြားပြီး ပြည်သူများ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

(KNDF ဒုစစ်ဦးစီးချုပ်မာဝီကို ကရင်နီပြည်ရှိ မြို့သိမ်းတိုက်ပွဲတစ်ခုတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-MPA )


Comments

Leave a Reply

Your email address will not be published. Required fields are marked *