ပြည်သူ့စစ်မှုထမ်းဥပဒေ စစ်ကောင်စီ အသက်သွင်းတဲ့ ကိစ္စ နောက်ဆက်တွဲ ဘာဖြစ်လာနိုင်မလဲ

မြန်မာနိုင်ငံက အရွယ်ရောက် အမျိုးသမီး၊ အမျိုးသားအားလုံး စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်ကနေ့ စပြီး စစ်ကောင်စီက အသက်သွင်းခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်ခံ မြဝတီရုပ်မြင်သံကြားကနေ မနေ့ည ၈ နာရီ သတင်းကြေညာအပြီးမှာ စစ်ကောင်စီထောက်ခံသူတွေနဲ့ တော်လှန်ရေးမှာ နေသာသလို နေကြသူတွေထံကပါ လှုပ်လှုပ်ရှားရှား အသံထွက်လာတာပါ။ စစ်မှုထမ်းကာလက သာမာန်အခြေအနေမှာ နှစ်နှစ်၊ စက်မှုလက်မှုပညာသည်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေဆိုရင် သုံးနှစ်နဲ့ အရေးပေါ်အခြေအနေမှာ ငါးနှစ်အထိ တိုးမြှင့်ထမ်းဆောင်ရမှာပါ။ အမျိုးသားဆို ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ ဆရာဝန်၊ အင်ဂျင်နီယာနဲ့ စက်မှုလက်မှု ဒါမှမဟုတ် အတက်ပညာနဲ့ အသက်မွေးသူတွေဆို ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း တာဝန်ထမ်းဆောင်ရမှာပါ။ အမျိုးသမီးတွေဆိုရင် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ ဆရာဝန်၊အင်ဂျင်နီယာနဲ့ စက်မှုလက်မှု ဒါမှမဟုတ် အတက်ပညာနဲ့ အသက်မွေးသူတွေဆို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း တာဝန်ထမ်းဆောင်ရမှာပါ။ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည် အမျိုးသမီး ၊ အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီး၊ ကိုယ်လက်အင်္ဂါ အမြဲတမ်းမသန်စွမ်းသူ၊ ပြည်သူ့စစ်မှုထမ်း ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ကင်းလွတ်ခွင့်ပြုထားသူနဲ့ ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်သူအဖြစ် သတ်မှတ်ခံထားရသူတွေကတော့ ဒီဥဒေကနေ ကင်းလွတ်ခွင့်ရမှာပါ။ စစ်ကောင်စီ လော်ဘီတွေကတော့ ဒီဥပဒေအရ စစ်မှုမထမ်းတဲ့သူတွေက နောက်ပိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မှုအပေါ် သက်ရောက်မှုရှိမယ်ဆိုပြီး ပြောနေကြပါတယ်။

စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေ ဘာဖြစ်မလဲ

စစ်မှုထမ်းဖို့ ငြင်းတဲ့သူတွေကိုတော့ စစ်ကောင်စီက ထောင်ဒဏ်၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်မှာပါ။ ထောင်ဒဏ် တနှစ်၊ သုံးနှစ်နဲ့ ငါးနှစ် ဆိုပြီး အသီးသီး သတ်မှတ်ထားပါတယ်။ စစ်မှုထမ်းဖို့ စာရင်းမသွင်းတာ၊ စာရင်းသွင်းပြီး ဆေးမစစ်တာနဲ့ ဆင့်ခေါ်စာရပြီး သတင်းမပို့တာ၊ သက်ဆိုင်ရာဌာနကို မလာရောက်တာနဲ့ အထောက်အထား လိမ်လည်ရင် သုံးနှစ်အထိ အပြစ်ချနိုင်ပါတယ်။ ဆေးမအောင်အောင် ကြိုးစားမယ်ဆိုရင်တော့ ထောင်ဒဏ်က ငါးနှစ်အထိပါ။ နောက်ဆုံး ကြံရာမရဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အနာတရ ဖြစ်အောင်၊ ရောဂါရအောင် လုပ်ရင်လည်း ထောင်ဒဏ် ငါးနှစ်အထိပါပဲ။ စစ်ထဲမဝင်ဖို့ အကြံဥာဏ်ပေးသူ၊ အားပေးအားမြောက်ပြုသူနဲ့ ကူညီသူတွေကတော့ ထောင်ဒဏ် တနှစ်အထိလို့ သတ်မှတ်ထားပါတယ်။ အဲ့ဒီ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေကို ချမှတ်ခံထားရပြီးသူ၊ ပြစ်ဒဏ်ခံယူပြီးသူတွေ အနေနဲ့လည်း စစ်မှုထမ်းဖို့ကို ရှောင်လွဲလို့ရမှာ မဟုတ်ဘဲ စစ်မှုထမ်းရဦးမှာပါပဲ။

ပြည်သူတွေ ဘယ်လိုခံစားနေရလဲ

ဟာသဥာဏ်ရှိတဲ့ သူတွေကတော့ အိမ်ထောင်ပြုမယ်၊ ဘုန်းကြီး ဒါမှမဟုတ် မယ်သီလရှင်ဝတ်မယ် စသည်ဖြင့် လူမှုကွန်ရက်မှာ ရေးသားနောက်ပြောင်နေသလို အဲ့လို ရေးသားနေသူတွေကိုလည်း အတွေးအခေါ် မလေးနက်ဘူး၊ ပေါ့ပျက်ပျက် ကိစ္စမဟုတ်ဘူးဆိုပြီး ဂရုဏာဒေါသ နဲ့ စိတ်ပူပြောဆို မာန်မဲနေသူတွေကလည်း ရှိနေပါတယ်။ ပြည်ပရောက် အသိညီမလေးဆီကိုတော့ ည ၂ နာရီလောက်အထိ ဖုန်းအဝင်ဆက်တိုက်ဖြစ်နေပါတယ်။ ပြည်ပကို ဘယ်လိုလမ်းကြောင်းကနေ ထွက်တာလဲဆိုပြီး မေးနေသူတွေက ဆက်တိုက်ဖြစ်နေတာပါ။ မိသားစုအတွက် ရင်ပူပြီး ညမအိပ်နိုင်ကြသူတွေရှိပြီး ဘယ်လို နည်းလမ်းနဲ့ စစ်မှုမထမ်းရအောင်လုပ်မလဲဆိုတာကိုလဲ စတင်စဥ်းစားနေကြပြီပဲ ဖြစ်ပါတယ်။ လူလတ်ပိုင်းရှိတဲ့ မိသားစုတွေကတော့ ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့၊ကျောင်းတက်ဖို့တွေ အသည်းအသန်စပြီး စုံစမ်းလာကြပါပြီ။ CDM လုပ်ရာကနေ နိုင်ငံ့ဝန်ထမ်းအဖြစ်က ထုတ်ပယ်ကြောင်း ကြေညာခံခဲ့ရသူတွေကလည်း စစ်မှုထမ်းရတော့မလားဆိုပြီး စိတ်ပူနေကြပါတယ်။ မပတ်သက်ချင်လို့ ဝန်ထမ်းအဖြစ်က ထွက်ခါမှ စစ်မှုထမ်းအဖြစ် စစ်ကောင်စီလက်အောက်ပြန်ရောက်ရမယ့် ဖြစ်ရပ်ကိုလည်း သူတို့ အတွေးနဲ့တောင် ရင်မဆိုင်နိုင်ဖြစ်နေကြတာပါ။ အရင်က တော်လှန်ရေးနဲ့ ပတ်သက်ပြီး နေသာသလို နေခဲ့သူတွေကလည်း စစ်ကောင်စီကို မကျေနပ်ကြောင်း ပြောဆိုသံတွေ ထွက်လာပါပြီ။ ဒီဖြစ်ရပ်က ပြည်သူတွေရဲ့ တော်လှန်ပုန်ကန်လိုစိတ်နဲ့ စစ်ကောင်စီအပေါ် မကျေနပ်စိတ်တွေကို ပိုမိုကြီးထွားအောင် မီးခဲအပေါ် ဓာတ်ဆီလောင်းတဲ့အပြင် လောင်စာပါဖြည့်ပေးလိုက်တဲ့ သဘောပါပဲ။

ဘယ်သူတွေအပေါ် အများဆုံး သက်ရောက်မှုရှိမလဲ

လူစာရင်းကောက်ပေးရတဲ့ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နဲ့ ငွေမရှိတဲ့ အောက်ခြေလူတန်းစားတွေ အများဆုံး ထိခိုက်မှာပါ။ အထက်က ဖိအားကြောင့် လူစာရင်းကောက်ပေးရသည်ဖြစ်စေ၊ စိတ်ပါလက်ပါနဲ့ စာရင်းကောက် လူစုပေးရသည်ဖြစ်သည် ပြည်သူလူထုကနေတာ့ အနီးစပ်ဆုံး သူတို့ကိုပဲ ငြိုငြင်လာကြမှာပါ။ စစ်သားနဲ့ ရဲတွေကို အသံမကျယ်၊ ပြန်လှန်မပြောရဲခဲ့ရင်တောင် တရပ်ကွက်တည်းသားတွေဖြစ်တဲ့ ရာအိမ်မှူးနဲ့ ရပ်ကွက်အုပ်ချုပ်မှူးတွေကိုတော့ တနည်းနည်း သုံးပြီး ပြည်သူတွေက ဖိအားပေးလာကြဦးမှာပါ။ တဖက်ကလည်း သူတို့က ဝင်ငွေရပေါက်ရလမ်း ဖြောင့်လာနိုင်သလို PDFတွေ ၊ ပကဖတွေ ရဲ့ ခြိမ်းခြောက်တာတွေ ခံလာရနိုင်ပြီး နောက်ဆုံး အသက်ကိုရန်ရှာခံရတဲ့ ဖြစ်ရပ်တွေပိုများလာနိုင်ပါတယ်။ ငွေမရှိတဲ့ အောက်ခြေလူတန်းစားတွေအတွက်လည်း ငွေလမ်းခင်း ထွက်ပေါက်ရှာစရာမရှိလို့ စစ်မှုထမ်းဥပဒေကို ဘယ်လိုမှ ရှောင်လွဲလို့ရမှာမဟုတ်ပါဘူး။ လူထုထောက်ခံမှု လုံးဝမရှိတော့တဲ့ စစ်ကောင်စီရဲ့ ဒီဥပဒေဟာ လူတန်းစားအားလုံးအပေါ် တပြေးညီသက်ရောက်မယ်လို့လည်း အများက မယုံကြည်ကြပါဘူး။ နောက်ပိုင်း ငွေလမ်းခင်းပြီး ဒီဥပဒေကနေ လွတ်အောင်ရုန်းနိုင်သူတွေနဲ့ မဖြစ်မနေ စစ်မှုထမ်းရသူတွေကြားမှာလည်း အချင်းချင်း မကျေနပ်တာ၊ စစ်ကောင်စီကို တိုင်ကြားတာ စတဲ့ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်ပါသေးတယ်။ လာဘ်ပေး၊ လာဘ်ယူမှုတွေများတဲ့ ဒီနိုင်ငံမှာ ငွေရှိသူတွေကတော့ ငွေလမ်းခင်းပြီးလွတ်လမ်းရှာနိုင်မှာပါ။ လက်ရှိမှာတော့ မြန်မာနိုင်ငံသားတွေက မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းနဲ့ ချစ်ရသူတွေရဲ့ အသက်ပိုင်းခြားကို ပြန်တွက်ပြီး စိတ်ပူပန်သောကကို ခံစားနေကြရပါပြီ။

စစ်ကောင်စီက ဒီဥပဒေအရ စစ်မှုထမ်းရသူတွေကို ယုံကြည်မှာလား

စစ်ကောင်စီကတော့ ဒီဥပဒေကြောင့် မဖြစ်မနေ စစ်မှုထမ်းဖြစ်လာမယ့်သူတွေကို ဘယ်လိုနည်းနဲ့မှာ ယုံကြည်မှာမဟုတ်ပါဘူး။ စစ်ကောင်စီကို ထောက်ခံသူတွေကတောင် စစ်မှုထမ်းလိုကြတာမဟုတ်ပါဘူး။ စစ်ကောင်စီလက်အောက်မှာ မသက်သာလို နေနေရတဲ့ သူတို့ကို မကျေနပ်ကြသူတွေကလည်း တပုံတပင်ပါ။ ဒါကြောင့် စစ်မှုထမ်းပြည်သူတွေက ရှေ့တန်းအရောက် နောက်ကနေ သေနတ်နဲ့လုပ်ကြံတာ၊ တော်လှန်ရေးအဖွဲ့ထံ အလင်းဝင်တာနဲ့ နောက်ဆုံး တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်ချတာတွေအထိရှိလာနိုင်လို့ပါ။ ဒါတွေကိုလည်း စစ်ကောင်စီက ကြိုသိပြီးသားဖြစ်မှာပါ။ အဲ့ဒါကြောင့် စစ်မှုထမ်းလာရသူတွေကို လူသားဒိုင်းကာအဖြစ် ရှေ့တန်းမှာ အသုံးပြုတာနဲ့ အလုပ်ကြမ်းတွေကို စေခိုင်းတာတွေပဲ ပြုလုပ်လာနိုင်ပါတယ်။

ဘာတွေဖြစ်လာနိုင်လဲ

ပြည်တွင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်းနိုင်ငံကို ရွေ့ပြောင်းလုပ်ကိုင်သူတွေ များလားတာနဲ့ လူငယ်တွေ ပြည်တွင်းမှာ မနေချင်တော့တာကို ပတ်စ်ပို့ရုံးမှာ တန်းစီနေတဲ့ လူတန်းရှည်ကြီးက သက်သေခံနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကို ရွေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်မယ့် လူငယ်ဦးရေကပိုတိုးလာမှာပါ။ ဒီဥပဒေရဲ့ဖိအားကြောင့် တရားမဝင်ရွေ့ပြောင်းလုပ်သားတွေ ပိုများလာနိုင်ပြီး တိုင်းတပါးမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ အလုပ်သမားဥပဒေချိုးဖောက်ရတာတွေ ပိုများလာတော့မှာပါ။ ပြည်ပရောက်နှင့်ပြီးသား လူငယ်တွေကလည်း မြန်မာနိုင်ငံမပြန်ရရေး အစွမ်းကုန်ကြိုးစားကြတော့မှာပါ။ နောက်တခုက စစ်ကောင်စီ ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာပဲ ဒီဥပဒေက အသက်ဝင်မယ်ဆိုရင် လူငယ်တွေက စစ်ကောင်စီ ထိန်းချုပ်မှုအောက်မရှိတော့တဲ့ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်တာရှိလာနိုင်သလို စစ်တိုက်ရမယ့်အတူတူ တော်လှန်ရေးအဖွဲ့ဝင်အနေနဲ့ပဲ စစ်တိုက်မယ်ဆိုတဲ့ လူငယ်တွေလည်းရှိလာနိုင်ပါတယ်။ လူငယ်အရင်းအမြစ်ဟာ မြန်မာနိုင်ငံမှာ ရေပါ်အရုပ်ဆွဲသလို ရှားပါတဲ့ ခေတ်ကို ရောက်လာတော့မှာလားဆိုတာကလည်း စိုးရိမ်စရာပါ။ ဒါ့အပြင် စစ်ကောင်စီက သူတို့ ရဲ့ စစ်မှုထမ်းတွေကို ပေးတဲ့ လစာက တရိပ်ရိပ်တက်လာတဲ့ ကုန်ကျစာရိတ်နဲ့ ဘယ်လိုမှ တွက်ချေမကိုက်ပါဘူး။ မဖြစ်မနေ စစ်မှုထမ်းရတဲ့သူတွေအတွက်ကလည်း နောက်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေ ထမင်းနပ်မမှန်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရမှာပါ။ စစ်မှုထမ်းရသူတွေကလည်း စစ်ကောင်စီရဲ့ အဓမ္မ ညှဥ်းပန်းနှိပ်စက်မှုကို ခံရတော့မှာပါ။ရှေ့တန်းမှာတောင် အသေခံ ရှေ့တိုးရတဲ့ သူတွေ ဖြစ်လာမှာပါ။ တဖက်မှာလည်း စစ်မှုထမ်းအဖြစ် စာရင်းကောက်ယူရတဲ့ အဆင့်ဆင့်သော ဌာနတွေကတော့ လာဘ်ပေး ၊ လာဘ်ယူမှု ကင်းရှင်းမယ်လို့ မယုံကြည်ပါဘူး။ စာရင်းကောက်ယူမှု အဆင့်ဆင့်က လူတွေ ငွေရပေါက်ရလမ်း တိုးလာတော့မှာ ဖြစ်သလို တဖက်ကလည်း အဲ့သူတွေဟာ အသက်ကိုခြိမ်းခြောက်ရန်ရှာခံရတာတွေရှိလာတော့မှာပါ။

တော်လှန်ရေးအဖွဲ့ နဲ့ NUG

ဒီဖြစ်ရပ်က သွေးအေးနေတဲ့ အရပ်သားတွေကိုပါလှုပ်နိုးလိုက်သဖြစ်ပြီး တော်လှန်စိတ်နဲ့ မကျေနပ်စိတ်တွေကို ပြန်လည်သစ်လွင်လာစေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာ ဝင်ရောက်တာဝန်ထမ်းဆောင်လာမယ့် လူငယ်နဲ့လူလတ်ပိုင်းဦးရေ တိုးလာနိုင်သလို စစ်မှုထမ်းကိစ္စ ဒီထက်အကောင်အထည်ပေါ်မလာခင် တော်လှန်ရေးအမြန်ပြီးစေလိုတာ မင်းအောင်လှိုင်ကျဆုံးခန်းအမြန်ရောက်စေလိုတာတွေလည်းရှိလာမှာပါ။ ဒါကြောင့် အရင်က မအောင်မြင်တဲ့၊ လူစိတ်ဝင်စားမှုနည်းတဲ့ တော်လှန်ရေးရန်ပုံငွေပွဲတွေရှိခဲ့ပေမယ့်လည်း အခုကာလမှာတော့ လူတွေက အင်တိုက်အားတိုက်နဲ့ ရန်ပုံငွေပွဲတွေမှာ ပြန်ပါဝင်လာနိုင်ပါတယ်။ စစ်ကောင်စီစစ်ကြောင်း သတင်းပေးတွေ ပိုများလာနိုင်ပါတယ်။ ဒီဖြစ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အခွင့်ကောင်းတရပ်အနေတဲ့ အကျိုးအမြတ်ယူသင့်ပါတယ်။ ဘယ်လိုနည်းလမ်းအသုံးပြုမလဲဆိုတာကတော့ NUG အဖွဲ့ဝင်တွေအပါ်ပဲ မူတည်ပါတယ်။ NUG ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတာလည်း အများပြည်သူက စိတ်ဝင်တစားစောင့်ကြည့်နေတာမလို့ NUGရဲ့ အရည်အချင်းစာမေးပွဲတရပ်လည်း ဖြစ်လာမှာပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *