PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်ဖျက်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးဟု အကြမ်းဖက် ဇော်မင်းထွန်း ထုတ်ပြော

အကြမ်းဖက်စစ်ကောင်စီက ပြည်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပေဒကို ပြဋ္ဌာန်းကျင့်သုံးရခြင်းသည် PDF နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်ဖျက်ရန် ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ယနေ့ ထုတ်စစ်ကောင်စီသတင်းစာများတွင် ထုတ်ဖော်ပြောဆိုသည်။

“ယခုလက်ရှိဖြစ်နေတဲ့ အခြေအနေကို ကြည့်ရင် အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူတွေ၊ အခြားအကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ဘယ်လိုပဲ နာမည်ကောင်းတွေနဲ့ ဟစ်ကြွေးနေပါစေ သူတို့လိုချင်တာ စစ်ဘုရင်ဝါဒ၊ သူတစ်လူ ငါတစ်မင်း နယ်တစ်နယ်ဓားတစ်စင်း ဝါဒကို ကျင့်သုံးချင်နေတာပဲဖြစ်ပါတယ်။ လက်တွေ့မှာလည်း ဒါတွေကို မြင်နေရမှာဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ ပြည်သူတွေတစ်ရပ်လုံးက တိုက်ဖျက်ရမှာဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ထို့ပြင် အင်အားကြီးနိုင်ငံအချို့၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အကြမ်းဖက်နှိမ်နင်းရေး အကြောင်းပြပြီး စစ်ဆင်နွှဲနေသည့် စစ်ဆင်ရေးများ၊ ၎င်းတို့ မနှစ်သက်သည့် အစိုးရများ အုပ်ချုပ်နေသည့် နိုင်ငံများအပေါ် နည်းမျိုးစုံသုံး ပိတ်ဆို့မှုများ၊ Proxy War ကိုယ်စားစစ်ပွဲ ဆင်နွှဲမှုများ မမြင်ချင်အဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးရခြင်းဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း စနစ်ကို အားပေး၀ိုင်းဝန်းပံ့ပိုးကူညီကြရန် အကြမ်းဖက် ဇော်မင်းထွန်းက တိုက်တွန်းပြောဆိုထားသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *