ရွှေဘိုမြို့နယ် ရွာသာရွာပျူစောထီးစခန်းအား PDF သိမ်းပိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

ရွှေဘိုမြို့နယ် ရွာသာရွာပျူစောထီးစခန်းအား PDF သိမ်းပိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ရက်) နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ရွာသာရွာရှိ ပျူစောထီးစခန်းအား တော်လှန်ရေးတပ်ပေါင်းစုများက စခန်းသိမ်း သွားရောက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အထိနာပြီး စခန်းစွန့်ခွာထွက်ပြေးသွားကာ နံနက် ၁၀ နာရီခွဲခန့်တွင် စခန်းအားလုံးကို စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“အဖွဲ့ ငါးဖွဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့က တစ်ယောက်ကျတယ်။ တခြားအဖွဲ့က နှစ် ယောက်ကျတယ်။ တိုက်ပွဲက နှစ်ကြိမ်ဖြစ်တယ်။ ညလယ်ခေါင် ၁၂ နာရီကနေ ၁ နာရီခွဲလောက်က​ တစ်ကြိမ်ဖြစ်တယ်။

မနက် ၆ နာရီလောက်မှာ နောက်တစ်ခေါက်ထပ်တိုက်တယ်။ ၈ နာရီလောက်မှာရွာထဲ ဝင်နိုင်တယ်။ ၁၂ နာရီလောက် မှာ တစ်ရွာလုံးကိုသိမ်းပိုက်နိုင်ပြီး ရှင်းလင်းရေးဝင်ခဲ့နိုင်တယ်”ဟု 96 soldiers-PDFအညာဒေသတပ်ခွဲ၏ခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။

စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်း၊ ထို့အပြင် ကိုးလုံးပြောင်းချော တစ်လက်၊ အီနာဂါ ဗုံးသီး နှစ်လုံး၊ MA 2 ဗောက်တစ်ခု၊ ယူနီဖောင်းအချို့ သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

တော်လှန်ရေးအင်အားစုများမှ ကျဆုံးရဲဘော် သုံးဦး​၏ ရုပ်အလောင်းများအား ပြန်လည် သယ်ဆောင်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ကျန်စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် အနီးရှိ ပလိုင်းပျူစောထီးရွာအား ထွက်ပြေးသွားကြောင်း တိုက်ပွဲဝင်ရဲဘော်များထံမှ သိရသည်။

ယင်း စစ်ဆင်ရေးကို shwebo crocodile ၊ရွှေဘိုပြည်သူ့လုံခြုံ‌‌ရေးတပ်ဖွဲ့ ၊မဟာမိတ်ဖြစ်သေား ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တန (၅) တပ်ပေါင်းစု 96 soldiers-PDFအညာဒေသတပ်ခွဲ၊တန၊(၂) တပ်ပေါင်းစု ဗိုလ်အလင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒပယ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပျူစောထီးရွာသည် ပြည်သူနှင့်တော်လှန်ရေးအင်အားစုများအား အာဏာသိမ်းကာလတလျှောက် ဒုက္ခပေးခဲ့ပြီး တော်လှန်ရေးအင်အားစုများနှင့် မကြာခဏတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

(ရွာသာပျူရွာအား တော်လှန်ရေးအင်အားစုများက စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ-File Photo)


Comments

Leave a Reply

Your email address will not be published. Required fields are marked *