၄၈ နာရီအတွင်း တပ်သားသစ်အရေအတွက် ပြည့်လုနီးပါးဖြစ်၊ အရေအတွက်ပြည့်ပါက လျှောက်လွှာခေါ်ယူမှု ယာယီရပ်ဆိုင်းမည်ဟုဆို

၄၈ နာရီအတွင်း တပ်သားသစ်အရေအတွက် ပြည့်လုနီးပါးဖြစ်၊ အရေအတွက်ပြည့်ပါက လျှောက်လွှာခေါ်ယူမှု ယာယီရပ်ဆိုင်းမည်ဟုဆို

14 Feb 2024 By MPA CJ-015

ရန်ကုန်တိုင်းစစ်ဌာနရှိ တပ်ရင်း၊ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရန် တပ်သားသစ်ခေါ်ယူမှုမှာ ၄၈ နာရီအတွင်း မျှော်မှန်းအရေအတွက် ပြည့်လုနီးပါးဖြစ်နေသောကြောင့် အရေအတွက်ပြည့်ပါက တပ်သားသစ်ခေါ်ယူမှုကို ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA ကိုပြောသည်။

ရန်ကုန်တိုင်းစစ်ဌာနအနေဖြင့် တပ်သားသစ်ခေါ်ယူသည့် လျှောက်လွှာများကို ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်လက်ခံခဲ့ပြီး လက်ရှိအချိန်တွင်လည်း လာရောက်လျှောက်ထားသူ အလွန်များပြားလျက်ရှိနေကြောင်း ၎င်းကဆိုသည်။

“မနေ့က ၁၂ နာရီအတွင်းကို တပ်သား ၂,၀၀၀ နီးပါးလာရောက်လျှောက်ထားတယ်။ ဒီနေ့လည်း အဲ့ဒီနှုန်းအတိုင်းပဲ လျှောက်လွှာတွေ တောက်လျှောက် လက်ခံနေရဆဲဖြစ်ပါတယ်။ လျှောက်လွှာတွေက အခုထိ ထပ်ဝင်နေဆဲပဲ။ အမျိုးသမီး ၃၀% လောက်အထိပါတယ်။ အသက်အရွယ်က ၁၈ နဲ့ ၃၅ နှစ်အတွင်း သတ်မှတ်ထားတယ်။ လျှောက်ထားရာမှာတော့ တိုင်းနဲ့ပြည်နယ် အစုံကနေ လာလျှောက်ကြပါတယ်။” ဟု ရန်ကုန်တိုင်းစစ်ဌာန​၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

လက်ခံရရှိထားသည့် လျှောက်ထားသူအချက်လက်များလုံခြုံရေးနှင့် အချက်အလက်များ စိစစ်ခြင်းကို စတင်ဆောင်ရွက်နေပြီး လျှောက်လွှာပါ အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ထည့်သွင်းထားခြင်းမရှိသည့် လျှောက်လွှာများ၊ သတ်မှတ်ချက်နှင့် ကိုက်ညီခြင်းမရှိသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း သိရသည်။

“ထပ်ဝင်လာတဲ့သူတွေအတွက် ရိက္ခာ၊ လက်နက်ခဲယမ်းတပ်ဆင်နိုင်မှု အခြေအနေကတော့ ဝန်ကြီးဌာန စီမံမှုအတိုင်းဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် စစ်မှုထမ်းရန်အတွက် လျှောက်ထားရာတွင် ရန်ကုန်တိုင်းစစ်ဌာန၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာ၌ ကြေညာထားသော လျှောက်လွှာ Link မှသာ ဝင်ရောက်လျှောက်ထားရန်နှင့် အခြားသော လူမှုကွန်ရက်စာမျက်နှာများတွင် တဆင့်ခံပြန်လည်ကူးယူဖော်ပြထားသော Link များအား ဝင်ရောက်ခြင်းမပြုရန်စသည့် နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ အသိပေးချက်များကိုလည်း ထုတ်ပြန်ပြောကြားထားည်

“ပြည်သူတွေအနေနဲ့ ဘုရင့်နောင်ဖောင်ဖျက်သလို စစ်ကောင်စီကို ပြတ်ပြတ်သားသားပုန်ကန်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ စစ်ဆင်ရေး၊ အုပ်ချုပ်ထောက်ပံ့ရေးများတွင် ပိုမိုပါဝင်ဖို့ တိုက်တွန်းပါတယ်။ မဟုတ်ရင် ချောက်ထဲကျဖို့ လက်တစ်လုံးလိုနေတဲ့ စစ်ကောင်စီရဲ့ Institution မှာ မျက်စိပိတ်၊ နားပိတ်နဲ့စစ်ကျေးကျွန်အဖြစ် အသုံးချခံရနိုင်ပါတယ်” ဟု PDF ရဲဘော်တစ်ဦးကလည်း ဆိုသည်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် အရွယ်ရောက်ပြီးသည့် ပြည်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များသည်လည်း စစ်ကောင်စီကိုတော်လှန်ကာ ၎င်းတို့​၏ တပ်ရင်း၊ တပ်ဖွဲ့များတွင် စစ်မှုထမ်းရန် အပြိုင်အဆိုင် ရဲဘော်အသစ်များ ခေါ်ယူလျက်ရှိနေခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *