ကောလင်းမြို့တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွား
ဇော်ရမ်း၊အောင်ဇေယျ /People’s Spring
ကောလင်းမြို့ တွင် အဓိကနေရာများကို စစ်ကောင်စီတပ်က တပ်စွဲထားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း People’s Spring ၏ စစ်ရေးသတင်း ရင်းမြစ် ၅ ဦးကပြောသည်။
” စစ်ေးတွေက ထွေအုပ်ရုံး၊ ဆောက်လုပ်ရေးဝင်း၊အထက(၁) လိုနေရာတွေမှာအထိုင်ချပြီး မြို့ပတ်လည်ကို တပ်ဖြန့်ထားပါတယ်။အဆောက်ဦးအမြင့်တွေ ကိုအကုန်နီးပါးနေရာယူထားပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ရပ်ကွက် ၈ ရပ်ကွက် ရှိသော ကောလင်းမြို့ကို စစ်ကောင်စီတပ်က နေရာအများစုတွင်တပ်စွဲထားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ ၊စစ်ကောင်စီတပ်က မြို့ပေါ်ရှိ နေအိမ်အဆောက်အဦးများကို မီးရှို့နေကြောင်း ဒေသခံ အချို့က ပြောသည်။
“ကောလင်းမြို့ ကို စခတွေပြန်ထိမ်းချုပ်တာမဟုတ်ပါဘူး။ ၃/၄နေရာကိုတော့ ထိန်းထားနိုင်တယ်။ ကစားကွက်ပြောင်းလိုက်တာ။ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ် မနေ့ညရော ခုကော။ မြို့ထဲမှာ မနေ့ကလည်းမီးလောင်တယ်။ ဒါလောက်ပဲ” ဟု မြို့တွင်းအခြေအနေများကိုဖော်ပြပေးနေသည့်
Kawlin infoက ယနေ့နံနက်ထုတ်ပြန်ထားသည်။
အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကမူ ကောလင်းမြို့၏နေရာအများစုတွင် စစ်ကောင်စီတပ် တပ်စွဲထားပြီး ပြည်သူ့ နေအိမ်များ၊ဆန်စက်များကို ဖောက်ထွင်းပြီး ကန့်ဘလူဘက်သယ်ဆောင်၍ ပျူစောထီးများကို ပေးဝေခဲ့သည်ဟုသိရကြောင်းပြောသည်။
“ကောလင်းစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ကတော့ မြို့ထဲမှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်ကောင်စီအကုန်နေရာယူသွားပြီ။ ဆန်စက်တွေလည်းမီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေလည်း ကားတွေနဲ့တိုက်ပြီးတော့ ဝန်းသိုမှာရှိတဲ့ပျူစောထီးတွေဆီ ပို့ပြီးပြီ။ ဝေတာခြမ်းတာတွေလုပ်လိုက်တယ်။
စစ်ရေးနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ဘက်ကအားယူပြီး ပြန်တိုက်ဖို့ ရှိမှာပါ” ဟုဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သို့သော်တိုက်ပွဲများမှာ မြို့ အနီးဝန်းကျင် များတွင်ဆက်လက် ဖြစ်ပွားနေကြောင်းလည်း သိရသည်။
ယနေ့(ဖေဖော်ဝါရီ ၁၆) နံနက် ၁၁ နာရီခန့်တွင် ကောလင်းမြို့နယ် မင်းတဲကြီးရပ်ကွက်နေရာအချို့ကို စစ်ကောင်စီမြေပြင်စစ်ကြောင်းအချို့က မီးရှို့နေကြောင်းသိရသည်။
မြေပြင်တိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအသာစီးရရှိထားပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့်လေကြောင်းအန္တရာယ်ကို သတိထားနေကြရသည်ဟု မြေပြင်သတင်းရင်းမြစ်အချို့ကပြောသည်။
စစ်ကောင်စီက ဝန်သိုဘက်မှာလက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကာ မြို့ကို ဖျက်ဆီးနေကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာ ၅ ရက်တွင်ကောလင်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်တွင် ပျူခေါင်ဆောင်သက်န်းဝတ် ဝါသဝ ၏ ပျူစောထီးစစ်ကြောင်းက ကောလင်းမြို့ဘက်သို့စစ်ကြောင်းထိုးလာရာ တော်လှန်ရေးအဖွဲ့များက ဖြတ်တိုက်၍ သေဆုံးဒဏ်ရာရသူများပြီး စစ်ကြောင်းပျက်၍ ပြန်ဆုတ်သွားခဲ့သည်။
PDF များက မြို့ကို သိမ်းပိုက်ထားပြီး သုံးလခန့်အကြာတွင် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက် ညမှစ၍ ကန့်ဘလူမြို့နယ်၊ ဝန်းသိုမြို့နယ်တို့ဘက်မှ စစ်ကြောင်းများစွာဖြင့် စုစုပေါင်းအင်အား တစ်ထောင် ဝန်းကျင် အသုံးပြု ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
မြေပြင်စစ်ကြောင်းများထိုးလာပြီး လေကြောင်းနှင့်လက်နက်ကြီးပစ်ကူများဖြင့် ဝင်ရောက်လာသောကြောင့်ဖေဖော်ဝါရီ ၁၁ရက်တွင် မြို့တွင်းသို့ စတင်ဝင်ရောက်တပ်စွဲနိုင်ခဲ့ပြီး ထိုးစစ်ဆင်ပြီး ၁၁ ရက်အကြာ နိုဝင်ဘာ ၁၃ ရက်တွင် မြို့ ၏ နေရာအများစုက တပ်စွဲနိုင်ခဲ့ကြောင်းသိရသည်။
သို့သော်တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီသည် ကောလင်းမြို့ကို အလုံးစုံမထိန်းချုပ်နိုင်သေးဘဲ၊တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး တစ်မြို့လုံးကို တိုက်ပွဲဧရိယာသတ်မှတ်၍ တိုက်ခိုက်နေကြောင်းပြောသည်။တိုက်ပွဲများတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်သူများပြီး အရေအတွက်ကိုမူမသိရပေ ။
စစ်ကောင်စီစစ်ကြောင်းများတွင် ထောင်ကျနေသောစစ်သားများ ၊ပျူစောထီးများစွာပါဝင်သလို ယခုတစ်ကြိမ်တိုက်ပွဲများတွင် ဒရုန်းများပိုမို အသုံးပြုလာကြောင်းသိရသည်။
၁၀၂၇ စစ်ဆင်ရေး၏ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများမှာ ဇန်နဝါရီ ဒုတိယပါတ်မှစ၍ ခေတ္တရပ်နားခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းကို စစ်ရေးဖြင့်ပိုမိုဖိအားပေးလာခြင်းဖြစ်သည်။
လတ်တလောတွင် ကောလင်းအပြင် အနီးတစ်ဝိုက်ရှိဒေသများတွင်ပါတိုက်ပွဲများဖြစ်ပွားနေကြောင်းဒေသခံအချို့ကပြောသည်။
စစ်ကောင်စီ စစ်ကြောင်းများထိုးလာသောကြောင့် ဒေသခံပြည်သူများမှာ ယာယီစစ်ဘေးရှောင်စခန်းများ၌သွားရောက်နေထိုင်ကြရပြီး ရက်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးအတွက်အခက်အခဲကြုံတွေ့နေကြောင်းသိရသည်။
“အားလုံးပဲအခက်အခဲတွေရှိကြပါတယ်။တတ်နိုင်သလောက်ကောလင်းနဲ့အတူတူရှိနေသေးပြီး အခက်အခဲတွေကိုဝိုင်းပြီးကူညီစေချင်ပါတယ်။ စစ်ဘေးရှောင်နေတဲ့အတွက် စားသောက်ကုန်တွေ၊ ကျန်းမာရေးဆိုင်ရာပြဿနာတွေအတွက် ဆေးပစ္စည်းတွေလိုအပ်ပါတယ်” ဟု စစ်ဘေးရှောင်များအားကူညီပေးနေသူတစ်ဦးကပြောသည်။
တော်လှန်ရေးအဖွဲ့များက စစ်ကိုင်းတိုင်းတွင် ခမ်းပါတ် ၊ကောလင်း ၊ရွှေပြည်အေး ၊မော်လူး မြို့များကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ခမ်းပါတ်နှင့် ရွှေပြည်အေးမြို့တို့ကို ပြန်သိမ်းရန် ထိုးစစ်ဆင်ခဲ့သော စစ်ကောင်စီတပ်စစ်ကြောင်းများမှာ တပ်ပျက်၍ ပြန်ဆုတ်ခွာပြေးခဲ့ကြသည်။
(ကောလင်းမြို့ကို စစ်ကောင်စီတပ်က မီးရှို့၍ မီးလောင်နေသည်ကို အဝေးမှတွေ့ရစဥ်။ဓါတ်ပုံ-KR)
Leave a Reply