နတ်မောက် အမှတ် (၂) ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူး ဘစိုင်း ပစ်သတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောနှင့် ဂွေးကုန်းရွာကြားရှိ အမှတ် ၂ ပင်မဆက်သွယ်ရေးတပ်ရင်းမှ ဗိုလ်မှူးဘ၀ိုင်းသည် အရပ်ဝတ်ဖြင့် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖထံမှ သိရသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၄ရက်)၊ မနက် ၆နာရီ ၃၀မိနစ်တွင် ဗိုလ်မှူးဘစိုင်းသည် အရပ်ဝတ်ဖြင့် ပုဂံသို့သွားရန် သားမျှားဘူတာကို ဆိုင်ကယ်ဖြင့် ထွက်လာစဉ် ဂွေးတန်းကျေးရွာတောင်ဘက် တစ်နေရာ၌ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း နတ်မောက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုကျောက်ခဲကပြောသည်။

“ကာကွယ်ရေးတပ်ဖွဲ့တွေ ပူပေါင်းလုပ်ဆောင်တာပါ၊ သူ(ဗိုလ်မှူးဘစိုင်း)လာမယ်ဆိုတာ သတင်းကြိုရလို့စောင့်နေတာ၊ အရှင်ဖမ်းဖို့မလုပ်တော့ဘဲနဲ့ အဝေးကလှမ်းပစ်လိုက်တာပါ” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက်၊ ည ၈နာရီခန့်တွင်လည်း နတ်မောက်မြို့နယ် ကျောက်ဆည်ရွာ၌ တပ်စွဲထားသည့် အင်အား ၃၀ခန့်ရှိသော စစ်ကောင်စီတပ်ကို ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ အောင်ဆန်းလမ်းတော်လှန်ရေးတပ်ဖွဲ့၊ နတ်မောက်ပကဖ၊ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံးခဲ့သေးသည်။

“အဲ့ဒီတိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်။ စစ်သားတွေက ရွာထဲဝင်ပြေးသွားတော့ ကျတော်တို့တပ်ဖွဲ့တွေ ဘေးကင်းစွာ ဆုတ်ခွာခဲ့ပါတယ်။ သေသွားတဲ့စစ်သားနှစ်ယောက်ကို‌ေတာ့ ဘယ်ကိုသယ်သွားတယ်ဆိုတာ အတိအကျမသိရသေးပါဘူး” ဟု နတ်မောက်ပကဖမှ ရဲဘော်တစ်ဦးကပြောသည်။

ဖေဖော်ဝါရီ ၂၃ရက်တွင် နတ်မောက်မြို့ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ဒေသခံတော်လှန်ရေးတပ်များက လိုက်လံတိုက်ခိုက်နေသဖြင့် စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top