ရွှေဘိုတွင် သီလုံးပျူရွာ(တောင်ပိုင်း)စခန်းကို တော်လှန်ရေးအင်အားစုများ စီးနင်းထား (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် သီလုံးပျူရွာ(တောင်ပိုင်း)စခန်းကို တော်လှန်ရေးအင်အားစုများက စီးနင်းထားကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁ဝ နာရီခန့်က ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာရှိ ပျူစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ၁၀ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ပျူများမှာ စခန်းစွန့်ခွာ ထွက်ပြေးသွား၍ နယ်မြေ ရှင်းလင်းနိုင်ခဲ့ကြောင်း ဗိုလ်မိကျောင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် ည ၉ နာရီခန့်တွင် ပျူများက ပြန်လည်ထိုးစစ်ဆင်လာ၍ (၁၅) မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများ၌ စစ်အုပ်စု ထိခိုက်မှုများရှိကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“သီလုံးရွာမကြီးမှာ သီလုံး ပျူ၊ပန်းရံ ပျူ၊ ဇီးကုန်းပျူ၊ ခွန်တောင်းပျူတွေ အထိုင်ချနေတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကလည်း သီလုံးတောင်ရွာ ပျူ အထိုင်ချစခန်းကို ခြေကုတ်ယူထားတယ်။ ပျူစေားထီးများ တည်နေရာနဲ့ မီတာ(၁၃၀) ခန့်အကွာမှာပဲ နှစ်ဖက် အသင့်နေထားမှာ ရှိတယ်။” ဗိုလ်မိကျောင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ရွှေဘိုနောက်ခြမ်းရှိ ပျူများသည် အရပ်သား ပြည်သူများအား မတရားဖမ်းဆီး၍ သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထိုစစ်ဆင်ရေးကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့၊ Shwebo Crocodile၊ မဟာမိတ်ဖြစ်သော ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ)ဇာမဏီဒေါင်း(ဒပယ)၊ Buffalo Soldiers Freedom Force၊ တန(၂) တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သီလုံးရွာပျူစခန်းကို ဇန်နဝါရီ ၂၁ ရက်နှင့် ၂၃ ရက်နေ့များကလည်း တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများပါ ရရှိခဲ့သေးသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top