နေပြည်တော်တွင် မဆုတ်တမ်းခံစစ် ၊ တန်ပြန်တိုက်စစ် နှင့် စီမံချက်အသစ်များကို ပြင်ဆင်ရေးဆွဲခိုင်းထားပြီး အဆင်ပြေသည့်စီမံချက်ကို အသုံးပြုမည်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ရှိ ရေဆင်းနှင့် ပျဉ်းမနားမြို့နယ်များတွင် တပ်နယ်အလိုက် မဆုတ်တမ်းခံစစ်၊ တန်ပြန်တိုက် စစ်နှင့် စီမံချက်များကို အသစ်ရေးဆွဲပြင်ဆင်ခိုင်းနေကြောင်း သိရသည်။

အဆိုပါ စီမံချက်အသစ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်ခန့်မှစတင်ပြီး ပြန်လည်အဆင်မြှင့်ရေးဆွဲခိုင်းပြီး ပစ်ကူ၊ စစ်ကူစီမံချက်များကိုပါ တပ်အချင်းချင်း ညှိနှိုင်းရေးဆွဲခိုင်း၍ အဆင်ပြေသည့်စီမံချက်ကို နေပြည်တော်နယ်မြေအတွင်း အသုံးချသွားမည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“အသစ်ခေါ်ထားတဲ့ ပြည်သူ့စစ်တွေကို အုပ်ချုပ်ဖို့ဆို ပြီး စစ်တပ်ကနေ ဘီပိုး၊ စီပိုးရှိလို့ ထုတ်ထားတဲ့ဗိုလ် မှူးအဆင့်တွေကိုလည်း ပြန်ခေါ်ပြီးအုပ်ချုပ်ခိုင်းထားတာ။ ဘယ်လိုအစီအစဉ်ဆွဲပြီး ရှေ့ဆက် ကြမလဲမသိဘူး။ စီမံချက်အသစ်ဆွဲတာတွေကလည်း တပ်အချင်းချင်း ညှိနှိုင်းပြီး ကောင်းတဲ့စီမံချက်ကို ယူမယ်လို့ပြောတယ်”ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက နေပြည်တော်နယ်‌မြေ စိုးမိုးခွင့်ရရှိရေး အတွက် တပ်အင်အားများကို စုဆောင်းလျက်ရှိရာ အင်အားမလုံလောက်သောကြောင့် နေပြည်တော်နှင့် အနီးတဝိုက်ရှိ ကျေးရွာများနှင့် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများမှ ပြည်သူ့စစ်များကို အပြင်းအထန်စုဆောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စုဆောင်းရရှိထားသူများကိုလည်း လက်နက်များတပ်ဆင်ပေးထားပြီး စစ်ရေး လေ့ကျင့်မှုများပါ ပြုလုပ်ပေးလျက်ရှိကြောင်း ပြည်သူ့စစ်နှင့်နီးစပ်သူထံက သိရသည်။

ယခုကဲ့သို့ အပြင်းအထန်ကာကွယ်နေသည့် စစ်ကောင်စီ၏ နေပြည်တော်ကို ထိုးဖောက်၀င်ရောက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က KNU ၏ နယ်မြေစိုးမိုးရေးဆိုင်ရာ တွေ့ဆုံမေးမြန်းခန်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုအလုပ်မှုဆောင် ပဒိုစောတောနီးက ထုတ်ဖော်ပြောဆိုသွားသည်။

ထို့အပြင် ပဒိုစောတောနီးက “အာရှလမ်းမကြီးအထိ ကျွန်တော်တို့သွားချင်တဲ့နေရာကို ကျွန်တော်တို့သွား လို့ရတယ်။ အာဏာသိမ်းစစ်တပ်က အပြင်လုံး၀မထွက်ရဲဘဲ တပ်စခန်းထဲမှာ နေထိုင်နေရပြီး စစ်တပ် က ခံစစ်၊ ခွာစစ်၊ ပြေးစစ်ပါဖြစ်နေပြီ” ဟု ဆိုထားသည်။

KNU အနေဖြင့် နယ်မြေများကို စိုးမိုးမှုရယူပြီး မြို့သိမ်းသည်ထက် နေပြည်တော်ကို မည်ကဲ့သို့ထိုးဖောက်ရမည်ကိုသာ စဉ်းစားရမည်ဖြစ်ကြောင်းလည်း ပဒိုစောတောနီးက ပြောဆိုခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေသည် စစ်ကောင်စီရုံး စိုက်ရာနယ်မြေဖြစ်သည့်အပြင် ၎င်းတို့တပ်အရာရှိအကြီးပိုင်းများ နေထိုင်နေသည့် နယ်မြေဖြစ်သောကြောင့် နယ်မြေအသိမ်းခံရပါက ဂုဏ်သိက္ခာကျဆင်းမည်ဟုဆိုကာ အပြင်းအထန်ကာကွယ်နေခြင်းဖြစ်သည်။

ထို့ကြောင့် နေပြည်တော်ကောင်စီသို့ လမ်းပွင့်နိုင်သည့် ပဲခူးတိုင်းအနောက်ခြမ်းရှိ တိုက်ပွဲများနှင့် ကရင်နီတိုက်ပွဲများတွင် စစ်ကောင်စီက အင်အားအလုံးအရင်း သုံးထားသည့်အပြင် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများကိုပါ အဆမတန်အသုံးပြု တိုက်ခိုက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုသည်။

ထိုသို့ နေပြည်တော်နှင့်နီးစပ်သည့် နယ်မြေများတွင် စစ်ရေးပြင်းထန်လာသည့်အတွက် စစ်ကောင်စီက အမျိုးမျိုးသော စီမံချက်များရေးဆွဲပြီး မဆုတ်တမ်း ခံစစ်၊ ခွာစစ်နှင့် တန်ပြန်တိုက်စစ်များတွင် မည်သည့် နည်း‌ဗျူဟာကိုအသုံးပြုရမည် မသိသေးဘဲ အစီအစဉ်ဆွဲကာ ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *