သထုံတွင် လူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးမှု သထုံအထူးပြောက်ကျားတပ်ဖွဲ့ က စစ်ဗိုလ်ဖြစ်၍ ပစ်ခတ်ခြင်းပြောဆိုပြီး ဒေသပြည်သူတချို့က သေဆုံးသူမှာ ရွှေသံလွင်တိုးဂိတ်ဝန်ထမ်း အင်ဂျင်နီယာဟုဆို

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုးထွန်းနောင် ဆိုသည့် လူငယ်တစ်ဦး ယမန်နေ့ ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ယင်းသေဆုံးသူသည် စစ်ဗိုလ်ဖြစ်၍ ပစ်ခတ်ခြင်းဟု သထုံအထူးပြောက်ကျားတပ်ဖွဲ့က ပြောဆိုသော်လည်း ဒေသပြည်သူတချို့ကမူ ရွှေသံလွင်တိုးဂိတ်ဝန်ထမ်း အင်ဂျင်နီယာတစ်ဦးဖြစ်သည်ဟု ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီ အချိန် သထုံမြို၊ဂေါ့သန်ကျေးရွာ၊ တိုးဂိတ်အနီးတွင် စိုးထွန်းနောင်ဆိုသူကို သထုံအထူးပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ခလရ ၁၁ မှ ခွင့်ပြန်လာသည့် ဗိုလ်ကြီးဖြစ်၍ စိုးထွန်းနောင်ကို အနီးကပ်ပစ်ခတ်ခြင်းဖြစ်ကြောင်း ၊ သေနတ် ဒဏ်ရာ ၆ ချက်ဖြင့် ပွဲချင်းပြီးသေဆုံးခြင်းဖြစ်ကြောင်း၊ သထုံအထူးပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

သို့ရာတွင် ဒေသပြည်သူတချို့ကမူ ပစ်ခတ်ခံရ၍ သေဆုံးသူ သည် သထုံမြို့၊ လိပ်အင်းရပ်ကွက်နေ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ အင်ဂျင်နီယာ အသက် ၃၂ နှစ်အရွယ် ကိုစိုးထွန်းနောင် ဆိုသူဖြစ်ပြီး စစ်ဗိုလ်မဟုတ်ကြောင်း ပြောဆိုကြသည်။

“စစ်ဗိုလ်တော့မဟုတ်ဘူး။ သေဆုံးသူက ရွှေသံလွင် တိုးဂိတ် ဝန်ထမ်း။ ဒါပေမယ့် ပစ်တဲ့သူတွေက စစ်ဗိုလ်ဆိုပြီး ပြောနေကြတယ်။ ဘယ်လိုတွေဖြစ်လဲတော့ သေချာမသိရသေးဘူး” ဟု သထုံမြို့နယ်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

“စစ်မှုထမ်းဥပဒေကို ဖော်ဆောင်မယ့် စစ်မှုထမ်းဟောင်း၊ ရပ်ကျေးတာဝန်ရှိသူတွေကို အသိပေး တပ်လှန့်တာပါ။ သထုံအထူးပြောက်ကျားတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ စစ်သားသစ်စုဆောင်းတာမှ ပါဝင်တဲ့သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူသွားမယ်” ဟု သထုံအထူးပြောက်ကျားတပ်ဖွဲ့က ဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *