တိုက်ပွဲမဝင်လိုသည့် လူငယ်များကိုလည်း ခိုလှုံခွင့်ပြုဟုဆို

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသော လူငယ်များကို ခိုလှုံခွင့် ပေးထားကြောင်း မြိတ်ခရိုင်၊တပ်ရင်း ၁ ထံက သိရသည်။

စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ အလိုကျ ဖေဖေါ်ဝါရီ၁၀ရက်တွင် အသက်သွင်းလိုက်ပြီးနောက် လွတ်မြောက်နယ်မြေများသို့ လူငယ်အချို့ ရောက်ရှိလာကြရာ တိုက်ပွဲမဝင်လိုသည့် လူငယ်များကို လည်း ခိုလှုံခွင့်ပြုထားကြောင်း တနင်္သာရီတိုင်း၊ပုလောမြို့နယ်အခြေစိုက် မြိတ်ခရိုင် တပ်ရင်း-၁ ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

“ ကျွန်တော်တို့တပ်မဟာ- ၄နယ်မြေမှာတော့ လူငယ်တွေက PDFနဲ့ ချိတ်ဆက်ပြီး ဝင်ရောက်လာတာရှိတယ်။ဆယ်ဂဏန်း ဝန်းကျင်ပဲရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲမဝင်လိုသည့် လူငယ်များကို လွတ်မြောက်နယ်မြေရှိ IDP စခန်းများတွင် နေရာချထား ပေးကြောင်း သိရသည်။

“ PDFထဲဝင်မှာလား၊ခိုလှုံမလား မေးတယ်ပေါ့။ခိုလှုံချင်ရင်တော့ လွတ်မြောက်နယ်မြေက IDPစခန်းတွေမှာ နေရာချပေးထားပါတယ်။အဲ့လိုမှမဟုတ်ဘူး PDFထဲဝင်ချင်ရင်တော့ စစ်သင်တန်းတက်ဖို့ စီစဉ်ပေးပါတယ်။NUG၊ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ တိုင်ပင်ပြီး လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆက်လက် ပြောသည်။

စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး နောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်လာသူများသည် အာဏာသိမ်းစဉ်ကာလက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် သပိတ် လူငယ်များပင်ဖြစ်ပြီး မိဘများ၏ သဘောတူညီချက်ဖြင့် PDF ထဲသို့ ဝင်ရောက်လာကြကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင် ကိုကြက်က ပြောသည်။

“ အခု ရေးဘီလူးထဲမှာဆို ရဲဘော်သစ်တွေရှိတယ်။ဒီလူတွေက အရင်က ဆန္ဒပြသပိတ်တွေမှာပါဝင်ခဲ့သူတွေပေါ့။အခုစကစက စစ်မှုထမ်းဥပဒေပြဌာန်းတော့ ခွေးတွေဘက်မှာနေမလား၊တော်လှန်ရေးတပ်ဖွဲ့တွေထဲဝင်မလားပဲရွေးရတော့ ရေးဘီလူးထဲကို မိဘသဘောတူညီမှုနဲ့ဝင်လာတဲ့သူများတယ်။တချို့ကျတော့လည်း ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် တောခိုလာတာပေါ့” ဟု ၎င်းက ပြောသည်။

စစ်မှုမထမ်းချင်သဖြင့် တိမ်းရှောင်လာသည့်မွန်ပြည်နယ်မှ လူငယ်များကို နေရာထိုင်ခင်းနှင့် အစားအသောက်ကအစ တာဝန်ယူပေးသွားမည်ဖြစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များထံဝင်ရောက်လိုပါကလည်း ဝင်ရောက်နိုင်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *