တာချီလိတ်ရှိ တရုတ်နိုင်ငံသားပိုင် ကျားဖြန့်ရုံကို စစ်ကောင်စီ စီးနင်း၊ တရုတ်နိုင်ငံသား ၂၀၀ကျော် ဖမ်းမိ

တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီတပ်နှင့် ရဲများက ယနေ့(ဖေဖော်ဝါရီ၂၆ရက်) နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းစဉ် တရုတ်နိုင်ငံသား ၂၀၀ကျော် ပါဝင်ကြောင်းသတင်းရရှိသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်အတွင်း အာခါဗုဒ္ဓဘုန်းကြီးကျောင်းအနီးရှိ ဒေသအခေါ် “ဝ”ကွင်းမှ ကျားဖြန့်လုပ်ငန်းကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“တရုတ် ၂၀၀ကျော်ပါတယ်။ ဘယ်ကနေ ပြန်ပို့မလဲတော့ မသိဘူး။မြန်မာတွေရော ထိုင်းဝန်ထမ်း‌ တွေလည်း ဖမ်းမိတယ်လို့ သိရတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ယခုဖမ်းဆီးသည့် ကျားဖြန့်လုပ်ငန်းရုံသည် တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဟု သိရသည်။ ဖမ်းမိထားသည့်လူဦးရေစာရင်း အတိအကျကိုလတ်တလော မသိရှိရသေးပေ။

” ‌ဒီတစ်ခါဖမ်းတာ တရုတ်နိုင်ငံသားပိုင်။ အခု တာချီလိတ်က ဝန်ထမ်းတွေအကုန်တိုင်ပတ်နေတယ်။ ပျော်မနေကြတော့ဘူး။ ဘာတွေဆက်ဖြစ်မယ်လဲမသိဘူး။ဒီနေ့ တရုတ်နဲ့ ထိုင်းရဲတွေလည်းရောက်နေတယ်”ဟု တာချီိလိတ်မြို့မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်သည် တာချီလိတ်မြို့၌ လေးရက်အတွင်း ကျားဖြန့်လုပ်ငန်းနှစ်ခုကို စစ်ကောင်စီကဝင်ရောက်ဖမ်းဆီးခြင်းလည်းဖြစ်သည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ 1G1 ဟိုတယ် အနောက်ဘက်ရှိ မြန်မာနိုင်ငံသားပိုင် လောင်းကစားရုံကို ဖေ‌ဖော်ဝါရီ ၂၃ရက် နံနက် အစောပိုင်း ၁နာရီခန့်တွင် စစ်တပ်နှင့်ရဲများက ဝင်ရောက်စီးနင်းခဲ့စဉ် ထိုင်းနိုင်ငံသား ၁၀၀ ကျော်နှင့် မြန်မာဝန်ထမ်း ၅၀၀ကျော် ဖမ်းမိခဲ့သည်။ ထိုင်းနိုင်ငံသားများကို ယင်းနေ့တွင် ထိုင်းရဲတပ်ဖွဲ့ထံ ပြန်လွှဲပေးခဲ့ပြီး မြန်မာနိုင်ငံသားများကို ဖမ်းဆီးထားဆဲဟု သတင်းရရှိသည်။

တာချီလိတ်မြို့တွင် တရုတ်၊ထိုင်းနှင့် မြန်မာနိုင်ငံသားအချို့ပိုင်သည့် ကျားဖြန့်လုပ်ငန်းလောင်းကစားရုံများရှိနေပြီး လောင်းကစားရုံများအတွင်း တရုတ်နှင့်ထိုင်းနိုင်ငံသားအချို့အပါအဝင် အာရှနိုင်ငံများမှ နိုင်ငံသားအချို့ လူကုန်ကူးခံထားရကြောင်းနှင့် ၎င်းတို့အားကယ်ထုတ်ပေးရေး အကူအညီတောင်းထားသည့်ဖြစ်စဉ်များရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

တရုတ်နိုင်ငံသားများကို အထိနာစေသည့်ရှမ်းပြည်နယ်ရှိ ကျားဖြန့်လုပ်ငန်းများကို ဖယ်ရှားရှင်းလင်းမည်ဟု တရုတ်အစိုးရက ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ ကျားဖြန့်ခေါင်းဆောင်ပိုင်းများက တရုတ်အစိုးရက ဖမ်းဆီးထားသည်။ကျားဖြန့်လောင်းကစားနှင့်ပတ်သက်၍ တရုတ်က ဖမ်းဝရမ်းထုတ်ထားသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူ‌ဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နှင့်ကိုးကန့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ၁၀ဦးကို တရုတ်ရဲတပ်ဖွဲ့က အထူးလေယာဉ်ဖြင့် ဇန်နဝါရီ ၃၀ရက် ညတွင် နေပြည်တော်လေဆိပ်၌ လာရောက်ခေါ်ဆောင် သွားခဲ့သည်။

တရုတ်အလိုရှိနေသော ကျားဖြန့်ခေါင်းဆောင်ပိုင်းများကို စစ်ကောင်စီက ဆက်လက်အကာအကွယ်ပေးထားကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ပြီးနောက် သုံးရက်မြောက်နေ့တွင် စစ်ကောင်စီက လွှဲအပ် လိုက်ခြင်းလည်းဖြစ်သည်။

တရုတ်ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးစဉ် ဖမ်းဆီးခံထားရသူများ၏ထွက်ဆိုချက်၌ ကျားဖြန့်လုပ်ငန်းများတွင် ရှမ်းပြည်နယ်၌ ၂၀၁၈ နောက်ပိုင်း တာဝန်ကျခဲ့သော စစ်တပ်အရာရှိများ၊ ပြည်ထဲရေးနှင့် ရဲအရာရှိအများအပြားပါဝင်နေကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်တွင် ပြည်နယ်ရဲရုံးအခြေစိုက်သည့် တောင်ကြီးနှင့် လားရှိူးမြို့မှ ပြည်နယ်အဆင့် ထွေအုပ်အရာရှိများစွာ၊ စစ်တပ်အရာရှိများနှင့် ရဲတပ်ဖွဲ့မှူးများ ပါဝင်နေသည်ဟု စုံစမ်းသိရှိရသည်။ ခရိုင်အဆင့်အနေဖြင့် လောက်ကိုင်ခရိုင်မှ အထွေထွေအုပ်ချုပ်ရေးအရာရှိများ၊ စစ်တပ်အရာရှိများနှင့် ခရိုင်အဆင့် ရဲတပ်ဖွဲ့မှူးများ ပါဝင်နေကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်တွင် ၂၀၁၈ နောက်ပိုင်းမှစ၍ ပြည်နယ်ရဲတပ်ဖွဲ့မှူး(တောင်ကြီး)အဖြစ် ရဲမှူးကြီး‌‌ဇော်ခင်အောင်( ၎င်းသည် ၂၀၂၀ ခုနှစ်တွင် ရဲထောက်ချုပ်အဖြစ် တာဝန်ယူနေစဉ် အဂတိမှုဖြင့် အရေးယူခံခဲ့ရသည်)၊ ယင်းနောက်ပိုင်းတွင် ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး(လားရှိုး) အဖြစ် ရဲမှူးကြီး‌‌ လှမင်းတို့ တာဝန်ယူထားသည်။

စစ်တပ်မှ ပြောင်းလာသည့် ရဲမှူးချုပ်တင်ကိုကိုနှင့် ရဲမှူးကြီး‌‌ လှမင်းသည် ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။

လတ်တလောတွင် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ပြည်နယ်နှင့်တိုင်းရဲတပ်ဖွဲ့မှုများကို ပူးတွဲတာဝန်ပေးထားသည့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနေရာများမှဖေဖော်ဝါရီ၁၀ရက်တွင် ဖယ်ရှားပြီး စစ်တပ်အရာရှိများဖြင့် အစားထိုးထားသည်။ ထိုလုပ်ရပ်သည် ကျားဖြန့်ပြဿနာ၌ ရဲအရာရှိများအား နောက်ဆက်တွဲအရေးယူမှုများနှင့်ပတ်သတ်မှုရှိနိုင်ကြောင်း လေ့လာသူအချို့ကပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများကို တရုတ်က ကိုင်တွယ်ခြင်းမရှိသေးပေ။ ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိန့်ညီနောင်သုံးဖွဲ့က ထုတ်ဖော် ပြောကြားထားသည်။

တာချီလိတ်မြို့ရှိ လောင်းကစားရုံအား ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီက ဝင်ရောက် စီးနင်းပြီးနောက် တွေ့ရစဉ်။(ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *