မောင်တောမှ နာမည်ကျော် ကြိမ်ချောင်းစခန်းနှင့် ဘူးသီးတောင်ရှိ စစ်ကောင်စီ တပ်ရင်း တို့ကို AA တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နာမည်ကျော် ကြိမ်ချောင်းစခန်းနှင့် ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်ရင်းတို့ကို ရက္ခိုင့်တပ်တော် (AA) ကဝင်ရောက်တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

မောင်တောမြို့မြောက်ဖက်ရှိ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သောကြိမ်ချောင်း၊ တောကျောင်းစခန်းကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက် ၇ နာရီ ၁၄ မိနစ်ခန့်တွင် စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ‌ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခမရ ( ၅၅၂) တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက်နေ့ မနက် ၇နာရီ ၃၀မိနစ်ခန့်က မောင်တောမြို့နယ်ရှိ ရန်အောင်ပြင်စခန်းကို စတင်တိုက်ခိုက်ခဲ့ရာ ၅နာရီအကြာ နေ့လယ် ၁၂နာရီ ၁၅ မိနစ်တွင် အဆိုပါ စခန်းကိုသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ရက်နေ့ကလည်း မောင်တောရှိ ပဲရွမ်းတောင်စစ်ကောင်စီစခန်းကို AA က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

မောင်တောရှိ မောရဝတီဗျူဟာ၊ ဗောဓိကုန်းစခန်း၊ အလယ်သံကျော်နယ်မြေစခန်း၊ နှုရှ်လာစခန်းနှင့် ဂေါ်ဒူသာရစခန်းတို့ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် AA က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

လက်ရှိတွင် မောင်တော၌ ကြိမ်ချောင်းတပ်မ၊ ခမောင်းဆိပ်ဗျူဟာ၊ အောင်သပြေအထိုင် စခန်း၊ သမန်းသားအထိုင်စခန်း၊ ကျီးကန်းပြင်၊ အင်းဒင်နှင့် လှမိုးခေါင်တပ်စခန်းအနည်း ငယ်သာ ကျန်ရှိနေပြီး လက်နက်ချအညံ့မခံသည့် တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA ကထုတ်ပြန်ထားသည်။

Leave a Comment