ဖားကန့် တာမခံစစ်ကောင်စီစခန်း သိမ်းပိုက်ရန် KIA/KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်

စစ်ကောင်စီ လေကြောင်းပစ်ကူသုံး ခုခံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ တာမခံကျေးရွာ စစ်ကောင်စီတပ်စခန်းကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ဖွဲ့က ယနေ့ညနေပိုင်း၌ စတင်ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံက ပြောသည်။

” အဲဒီက ၄နာရီကတည်းကနေ တာဝန် စခန်းကုန်းကို ဒီဘက်ကသိမ်းနေတာ မပြီးသေးပါဘူး။ အခုလောလောဆယ် အဲဒီမှာ ဖိုက်တာ နှစ်စီးနဲ့လာကြဲတယ်။ အခြေအနေကတော့ ပွဲမပြီးသေးတော့ ပြောလို့မရသေးဘူး”ဟု ဒေသခံက ပြောသည်။

စခန်းသိမ်းတိုက်ခိုက်မှုကို KIAနှင့် အတူ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

KIA အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီ​၏ ခလရ(၁၄၁)ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိသည်။

ယခု နှစ်ဆန်းပိုင်းတွင် ဖားကန့်မြို့နယ်အပါအဝင် ကချင်ဒေသရှိ စစ်ကောင်စီစခန်းများကို KIAက တိုက်ခိုက်သိမ်းပိုက်မှု အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ဖားကန့် ဝှေခါ တပ်စခန်း၊ ရဲစခန်း၊ နမ့်တိန်း တပ်စခန်းများကို သိမ်းပိုက်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *