မြန်မာ – ထိုင်းနယ်စပ်ဂိတ်နှင့် မြန်မာ – လာအိုနယ်စပ်ဂိတ်များမှ ကုန်သွယ်မှု အပြည့်အဝ ရရန် စစ်ကောင်စီကြိုးစား

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မြန်မာ – ထိုင်းနယ်စပ်ဂိတ်နှင့် မြန်မာ – လာအို နယ်စပ်ဂိတ်များမှတင်သွင်း၊ တင်ပို့သောကုန်များတွင် တရားမဝင်ကုန်ပစ္စည်းများ မရှိစေဘဲ ကုန်သွယ်မှုအပြည့်အဝရရှိရန် စစ်ကောင်စီက ကြိုးစားလျက်ရှိ ကြောင်းသိရသည်။

အဆိုပါနယ်စပ်ဂိတ်များတွင် သွင်းကုန်များကို လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ရန် ပါဝင်ပြီး အခွန် အရပ်ရပ် ပေးဆောင်ရန်နှင့် သွင်းကုန်လိုင်စင်ရယူထားမှုတို့ကို စိစစ်ကြီးကြပ်ရမည်ဖြစ်ပြီး တရားမဝင် တင်ပို့၊ တင်သွင်းခြင်းမရှိစေရန် လိုကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီ ဦးထွန်းအုံက ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြောကြားခဲ့သည်။

ကျိုင်းလပ်ကုန်သွယ်ရေးစခန်း ကျိုင်းလပ် ( မြန်မာ) -ကျိုင်းခုတ် ( လာအို) ချစ်ကြည်ရေး တံတားကို အသုံးပြု၍ မြန်မာ – လာအို နှစ်နိုင်ငံကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေပြီး တစ်ဆင့်ခံဖြတ်သန်းကုန် သွယ်မှု တိုးတက်လာမည် ဖြစ်ကြောင်း စစ်ကောင်စီဝန်ကြီး ဦးထွန်းအုံက ဆိုထားသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ အောက်တိုဘာ ၂၇ စစ်ဆင်ရေး (၁၀၁၇စစ်ဆင်ရေး) စတင်ချိန်တွင် မူဆယ် (၁၀၅) မိုင်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများပိတ်ထားရကာ လက်ရှိတွင်စစ်ကောင်စီနှင့်အပစ်ရပ်စဲထားပြီး စစ်ရေးအရှိန်လျော့ချိန်တွက် မြန်မာ – တရုတ်ကုန်သွယ်ရေးပြန်စနိုင်ရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကြိုးစားလျက်ရှိသည်။

တိုက်ပွဲများရှိနေသဖြင့် ရပ်နားထားရသော နယ်စပ်ကုန်သွယ်ရေးစခန်း မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထွက်ပေါက် ချင်းရွှေ ဟော်ကုန်သွယ်ရေးဇုန်တို့ကို ပြန်လည်ဖွင့်လှစ်ရန် တရုတ်နိုင်ငံက ကြိုးစားပြင်ဆင်နေ ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယူနန်ပြည်နယ်၊ ဒုတိယ ပါတီအတွင်း ရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yubo တို့ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နယ်နိမိတ်ထိစပ်မှု အများဆုံးဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ် ဒေသကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လာစေရေး ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

ထိုသို့ပြောကြားထားသော်လည်း စစ်ကောင်စီသည် စစ်ရှုံးခဲ့သည့် ရှမ်းမြောက်မှတဆင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ထက် မြန်မာ-လာအိုနယ်စပ် ဖြတ်ကျော် ကုန်သွယ်မှုမှတဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်ရန် ကြိုပမ်း လာခြင်းဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် မြန်မာ-လာအို ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါ တံတားကို အသုံးပြု၍ လာအိုနိုင်ငံနှင့် လာအိုနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ ကုန်းကြောင်း၊ မြန်မာ-လာအိုနယ်စပ် ဖြတ်ကျော်ကုန်သွယ်မှုမှတဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြောကြားထားသည်။

ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နယ်စပ်ဂိတ်များအပါအဝင် ကုန်သွယ်ရေး လမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှု ၆၀ ရာခိုင် နှုန်းရှိပြီး မဲခေါင်အပြည်ပြည်ဆိုင်ရာမြစ်တွင်းဆိပ်ကမ်း (ဝမ်ပုံ)၌ မဲခေါင်မြစ်မှ သယ်ဆောင် လာသည့် ကုန်ပစ္စည်းများကိုစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရန်နှင့် မှန်ကုန်သည့် ကုန်သွယ်မှုဖြစ်စေလိုအပ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *