လှိုင်းဘွဲ့မြို့က ရွာတွေမှာ BGF တပ်သားသစ်စုနေ

ကရင်ပြည်နယ် ၊လှိုင်းဘွဲ့မြို့နယ်ထဲက ရွာတွေမှာ ကရင်နယ်ခြားစောင့်တပ် (BGF) ကအတင်းအကြပ် တပ်သားသစ်စုဆောင်းနေတယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

လှိုင်းဘွဲ့ဟာ BGF စိုးမိုနယ်မြေထဲပါပြီး တစ်ရွာကို အနည်းဆုံး ၁၀ ဦးကနေ အများဆုံး ၂၅ ဦးအထိ တပ်သားသစ်စုဆောင်းနေပြီး လူမပေးရင် အရေးယူမယ်လို့ ဖိအားပေးလာတယ်ဆိုတာကို ဒေသခံတွေက ပြောပါတယ်။

“တစ်နေ့က ဘုန်းကြီးကျောင်းမှာ အစည်းအဝေးလုပ်သွားတယ်။ တစ်ရွာကို ၂၅ ယောက်ပေးရမယ်။ မပေးရင်ဖမ်းမယ်ပေါ့” လို့ လှိုင်ဘွဲ့မြို့နယ် ထဲက ဒေသခံက ပြောပါတယ်။

BGFက တပ်သားသစ်စုလာပြီးနောက် လှိုင်းဘွဲမြို့နယ်က ရွာတွေ မှာ ” မလုပ်နိုင်တဲ့လူတွေက ထိုင်းကို ထွက်ပြေးသွားတာအများကြီးပဲ” လို့ ဒေသခံက အခြေအနေကိုပြောပြပါတယ်။

BGF အနေနဲ့ အရင်က အခုလို အတင်းအကြပ် တပ်သားသစ်စုဆောင်းတာမျိုးမရှိဘဲ စစ်ကောင်စီတပ်ဆီက ခွဲထွက်ပြီး သီးခြားရပ်တည်လာပြီးနောက်မှာ လုပ်ဆောင်လာတာလို့ သိရပါတယ်။

တပ်သားသစ်လာရောက်စုဆောင်းတဲ့ တပ်ဟာ BGF တပ်နယ် (၁) လက်အောက်ခံအဖွဲ့ တွေဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

လှိုင်းဘွဲမြို့နယ်ရှိ အခြားဒေသခံကလည်း “ငါ့ရွာဆို လူတောင်းတာ ၄ ရက်ရှိပြီ။ ၁၀ ယောက် မပြည့်သေးဘူး။ အစားထိုးဖို့အတွက် လူလိုက်ငှားရတယ်” လို့ ပြောပါတယ်။

စုဆောင်ရရှိတဲ့သူတွေကို လှိုင်းဘွဲ့မြို့နယ် ၊ကြာအင်းရွာမှာ သင်တန်းစပေးနေပြီလို့သိရပါတယ်။

သင်တန်းပြီးသူတွေကို ကျေးရွာကာကွယ်ရေးတပ်ပုံစံ ဖွဲ့စည်းတာမျိုး ဒါမှမဟုတ် BGF တပ်ဖွဲ့ဝင်အဖြစ် တာဝန်ပေးတာမျိုး လုပ်မယ်လို့ BGF နဲ့ နီးစပ်သူ အသိပေးပါတယ်။

“လိုအပ်တဲ့နေရာမှာ အသုံးပြုသွားမယ်ပေါ့” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *