တာမခံတွင် K-8W တိုက်လေယာဉ် ပစ်ခတ်ခံရပြီး ပျက်စီးမှု ကြီးမား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံဒေသ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ K-8W အမျိုးအစား တိုက်လေယာဉ် ပစ်ခတ်ခံရပြီး မီးခိုးတန်းကာ ပြန်ပြေးသွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ K-8W တိုက်လေယာဉ်မှာ မြစ်ကြီးနား လေတပ်မှ မနက် ၉ နာရီ ၅၀ မိနစ် အချိန်က တက်လာသော တိုက်လေယာဉ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ဒီကနေ့ မနက် ၁၀ နာရီခန့် အချိန်က ဖားကန့်မြို့နယ် တာမခံဒေသ တိုက်ပွဲတွင် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေစဉ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊

ပစ်ခတ်မှုကြောင့် တိုက်လေယာဉ်ကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ချက်ချင်း ပြန်လှည့်ပြေးကာ မြစ်ကြီးနား လေတပ် နလခသို့ မနက် ၁၀ နာရီ ၂၀ မိနစ်ခန့် အချိန်တွင် ဆင်းသက်ခဲ့ကြောင်း၊ လေယာဉ်ပျက်စီးမှု ကြီးမားတာကြောင့် ပြန်လည်ပြင်ဆင်ရန် အချိန်မှာ လချီကြာနိုင်ကြောင်းလည်း ဖရဲသီး သတင်းရင်းမြစ်အရ သိရှိရပါတယ်။

အဆိုပါ K-8W တိုက်လေယာဉ် အမျိုးအစားကို ကရင်နီဒေသတွင် ကရင်နီ တော်လှန်ရေး တပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ပစ်ချခဲ့ဖူးပြီး တိုက်လေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး ခိုင်သန့်မိုး ကိုပါ အရှင်လက်ရ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖားကန့်မြို့နယ်၊ တာမခံ တိုက်ပွဲတွင် KIA က ပစ်ခတ်၍ ကျည်ထိမှန်ခဲ့သော တိုက်လေယာဉ်မှာ K-8W အမျိုးအစား ဖြစ်ပြီး တိုက်လေယာဉ် အမြီးပိုင်းထိမှန်ခဲ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံ တိုက်ပွဲတွင် KIA က ပစ်ခတ်၍ ထိမှန်ခဲ့သော တိုက်လေယာဉ်မှာ K-8W အမျိုးအစား လေယာဉ်ဖြစ်ပြီး အမြီးပိုင်းထိမှန်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ဖားကန့်မြို့နယ်၊ တာမခံကျေးရွာရှိ ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် တော်လှန်ရေးတပ်များက အားသာပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က အနည်းဆုံး တိုက်လေယာဉ် ၄ စီးဖြင့် တာမခံ ကျေးရွာတစ်ခုလုံးကို လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ KIA က ပြန်လည်ပစ်ခတ်ခဲ့သဖြင့် တိုက်လေယာဉ် တစ်စီး ထိမှန်သွားကြောင်း သိရှိရသည်။

“တိုက်လေယာဉ် ထိသွားတာက အပေါ့စားတိုက်လေယာဉ် K-8W ။ အမြီးပိုင်းတော့ထိ တယ်။ ပျက်မကျဘူးလို့ သိရတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

KIA က ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ မိုးမောက်မြို့ မြို့သစ်နှင့် ကုန်းလောကြားတွင် စစ်ကောင်စီ၏ Mi35 ရဟတ်ယာဉ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းမှ ဝိုင်းမော်မြို့နယ် နာဖော့စခန်းသို့ ရိက္ခာနှင့် လက်နက်လာပို့သည့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဥ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသဆီ ဗုံးလာကျဲခဲ့သည့် စစ်ကောင်စီ၏ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ်တို့ကို ပစ်ချ ဖျက်ဆီးနိုင်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *