ဖားကန့်၊ တာမခံနယ်မြေရဲစခန်းကို သိမ်းပိုက်ရရှိပြီး ခမရ ၁၁၉ စခန်းကုန်းကို ဆက်လက် တိုက်ခိုက်နေ၊ ဗုံးလာကျဲသည့် စစ်တိုက်လေယာဉ်တစ်စီးကို KIA က ပစ်ခတ်မှု ထိမှန်သွားဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်၊ တာမခံကျေးရွာတွင်ဖြစ်ပွားလျက်ရှိသော စစ်ကောင်စီတပ်နှင့် KIA တပ်များအကြား တိုက်ပွဲသို့ ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးကို KIA က ယနေ့ ပစ်ခတ်ရာ လေယာဉ်ထိမှန်သွားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ဖားကန့်မြို့နယ်၊ တာမခံကျေးရွာရှိ ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် တော်လှန်ရေးတပ်များက အားသာပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က အနည်းဆုံး တိုက်လေယာဉ် ၄ စီးဖြင့် တာမခံ ကျေးရွာတစ်ခုလုံးကို လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ KIA က ပြန်လည်ပစ်ခတ်ခဲ့သဖြင့် တိုက်လေယာဉ် တစ်စီး ထိမှန်သွားကြောင်း သိရှိရသည်။

“ဗုံးလာကျဲတာ တိုက်လေယာဉ် ၄ စီးမှာ ၁ စီးကိုတော့ ထိသွားတယ်။ မီးခိုးတွေမည်းပြီးတော့ ပျံသန်းသွားတယ်။ ထိသွားတယ်လို့တော့ ရှေ့တန်းက သတင်းပို့တယ်။ ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို တိုက်လေယာဉ်ကို ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရန် ဖုန်းခေါ်ဆိုသော်လည်း ဖုန်းခေါ်ဆိုမရပေ။ ထို့ကြောင့် စစ်တပ်၏ တိုက်လေယာဉ်ပစ် ခတ်ခံရမှု အခြေအနေနှင့်ပတ်သက်ပြီး KIA ၏ တရားဝင် ပြောဆိုချက်ကို ရယူအတည်ပြုနိုင် ခြင်းမရှိသေးပေ။

အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းမှစတင်၍ တာမခံကျေးရွာနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ပြီး လေယာဉ်ဖြင့်လည်း မရပ်မနား ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရှိရသည်။

လက်ရှိတွင် KIA ဦးဆောင်သော တပ်များက တာမခံရဲစခန်းကို အပြည့်အ၀ သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး။(ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *