ရခိုင်တောင်ပိုင်းမြို့တွေမှာ စစ်မှုထမ်းဖို့ လူစာရင်းကောက်၊ ဖမ်းဆီးတာတွေပြုလုပ်နေ

စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်တွေမှာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းစာရင်းကောက်ခိုင်းတာ၊ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်နယ်တောင်ပိုင်း သံတွဲ၊ တောင်ကုတ်၊ ဂွနဲ့ တိုင်းစစ်ဌာချုပ်တည်ရှိရာအမ်းမြို့နယ်တွေမှာ စစ်ကောင်စီကစာ ရင်းကောက်ယူတာတွေ လုပ်နေတာဖြစ်ပြီး သံတွဲမြို့နယ်မှာတော့ ဖမ်းဆီးခေါ်ဆောင်တာတွေအထိ ရှိနေပြီလို့ ဆိုပါတယ်။

သံတွဲမြို့နယ် ငပလီမြို့ လင်းသာရပ်ကွက်မှ လူငယ်တဆယ်ကျော်ကို မနေ့က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရုတ်တရက်ဝင်ဖမ်းသွားတာ၊ ပြည်သူ့စစ်အတွက်လို့ ပြောတယ်၊ ကြောက်ပြီး ပြေးတဲ့သူတွေလည်း ပြေးနေကြရတာပေ့ါ၊ ဘယ်လိုမှ မလုံခြုံတော့ဘူး”လို့ ငပလီမြို့မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်အတွင်းရှိ မဲနယ်ကွင်း၊ ပေါက်တူး၊ သစ်ငုတ်တို၊ ပိန်းတောကြီး၊ ကညင်းကွင်းစတဲ့ ရွာတွေမှာလည်း စစ်မှုထမ်းရမယ့်လူငယ်တွေကို စာရင်းပြုစုထားဖို့ အုပ်ချုပ်ရေးမှူးတွေဆီကနေ တောင်းခံတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ လူငယ်အမျိုးသားတွေရဲ့ စာရင်းကို ပြုစုထားကြဖို့၊ လူလာခေါ်တဲ့အခါ အဆင့်သင့်ဖြစ်အောင် ပြင်ဆင်ထားကြဖို့ စစ်ကောင်စီတပ်က လက်အောက်ခံအုပ်ချုပ်ရေးမှူးတွေကို ညွန်ကြားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကားလမ်းပေါ်က ရွာတွေကို တရွာပြီးတရွာ လာပြောနေတယ်၊ လူငယ်တွေစာရင်းတောင်းတာ၊ တရွာက တဆယ်ကျော်ပေးရမယ်လို့ ပြောတယ်၊ တခြားရွာတွေကိုလည်း သွားတောင်းမယ်ထင်တယ်”လို့ သံတွဲ – တောင်ကုတ်ကားလမ်းပေါ်ရှိ ကျေးရွာတခုမှ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အလားတူပဲ တောင်ကုတ်၊ ဂွ၊ အမ်းမြို့နယ်တို့မှာလည်း စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းရမယ့်သူတွေစာရင်း ကောက်ယူ၊ ပြင်ဆင်ထားဖို့ ဌာနတွင်း ညွန်ကြားတားတာ ရှိနေပြီဖြစ်ပြီး မြေပြင်မှာ အကောင်အထည်ဖော်တာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါပေမယ့် ရက္ခိုင့်တပ်တော်(AA)ရဲ့ စိုးမိုးမှုအောက်မှာ ရှိနေတဲ့ အမ်းနဲ့ တောင်ကုတ်မြို့နယ်တို့အတွင်းမှ ကျေးရွာတွေမှာတော့ အဲဒီလိုစာရင်းကောက်ယူ၊ တပ်သားစုဆောင်းတာတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“စကစအုပ်ချုပ်ရေးမှူးတွေကတော့ စာရင်းကောက်ဖို့ အသံထွက်နေပြီ၊ ဒါပေမယ့် အမ်းမှာက မြို့ပေါ်ကလွှဲရင် အကုန်လုံးကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားတာဆိုတော့ လုပ်ရဲမှာ မဟုတ်ဘူး၊ လုပ်ရင်လည်း တပ်တော်က ထိထိရောက်ရောက်အရေးယူမှာ”လို့အမ်းဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့နယ်တို့အတွင်းမှ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရန်ကုန်အပါအဝင် ပြည်မရောက် ရခိုင်လူငယ်အလုပ်သမားတွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပါတယ်။

ရခိုင်ပြည်နယ်နဲ့ နိုင်ငံအနှံ့မှာ မြို့တွေနဲ့ တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံရကာ တပ်သားဆုံးရှုံးမှုအများအပြားရှိနေတဲ့ စစ်ကောင်စီဟာ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက်ပိုင်းမှာ အဲဒီလို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာခဲ့တာပါ။

စစ်ကောင်စီဟာ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်း စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေကို အခုဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့ပါတယ်။

အဲဒီလို စစ်မှုထမ်းဥပဒေပြဌာန်းပြီးတဲ့နောက် ရခိုင်ပြည်နယ်အပြင် ဧရာဝတီတိုင်းလိုစစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေသေးတဲ့ ဒေသတွေအတွင်းမှ လူငယ်တွေကိုလည်း ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသအခြေစိုက်သတင်းဌာနတွေကဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်ရှုံးနေချိန်မှာ လူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ဖို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ကနေတဆင့် သတိပေးထားပါတယ်။

AA ဟာ တကျော့ပြန်တိုက်ပွဲသုံးလကျော်အတွင်း ရခိုင်ပြည်နယ်မှာကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မောင်တောမြို့နယ် တောင်ပြိုမြို့နဲ့ တောင်ကုတ်မြို့နယ် မအီမြို့တို့ကို သိမ်းပိုက်ထားပြီး ပုဏ္ဏာကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲတို့မှာလည်း နောက်ဆုံးလက်ကျန် မြို့ပေါ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေပါတယ်။

ဒါ့အပြင် ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ အမ်းမြို့နယ်တို့အတွင်းရှိ ကျေးရွာအများစုကိုလည်း AA က ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီက အပြည့်အ၀နီးပါး ထိန်းချုပ်ထားနိုင်သေးတဲ့ ပြည်နယ်တောင်ပိုင်းမြို့နယ်တွေမှာလည်း နှစ်ဖက် စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

ရခိုင် တောင်ပိုင်းမှာတော့ စစ်တပ်က ပြည့်သူ့စစ်အတွက် လူ စ ကောက်နေပြီ။

ရွာတွေမှာ အသက် ၁၈ ကနေ ၃၅ ကြား ယောက်ျားလေးရှိတဲ့ အိမ်ထောင်စုတိုင်း မဲနှိုက်ရတယ်။ မဲက ၅ စောင်ပဲလို့ဆိုတယ်။ ဒါကြောင့် တရွာကို ၅ ယောက်ပဲခေါ်မယ်။

မဲပေါက်တဲ့ လူစာရင်းကို စစ်တပ်က ယူသွားပြီး လူတွေကို ဘယ်တော့ လာခေါ်မလဲဆိုတာတော့ မသိရသေးပါဘူး။

တချို့နေရာတွေမှာတော့ အာဏာမသိမ်းခင်ကတည်းက ပြည်သူ့စစ်သင်တန်းအတွက် စာရင်းကောက်စဉ်က စာရင်းပေးထားကြသူတွေကို အိမ်တိုင်ရာရောက်လာခေါ်ပြီး ဖမ်းသွားတယ်လို့ သိရတယ်။

သင်္ကြန်ကျော်မှ စမယ် ဇော်မင်းထွန်းက ပြောပေမဲ့ ခုကတည်းက စပြီး ‘ပြည်သူ့စစ်’ ဆိုတဲ့နာမည်နဲ့ ခေါ်နေတာ ဖြစ်ပါတယ်။

Mratt Kyaw Thu


Comments

Leave a Reply

Your email address will not be published. Required fields are marked *