မန္တလေးတွင် စစ်ကောင်စီက လျှပ်စစ်မီးပေးဝေမှု အချိန်ထပ်မံလျှော့ချ

တစ်ရက်လျှင် တစ်ကြိမ် ၄ နာရီဖြင့် နှစ်ကြိမ် ပေးမည်ဟုဆို

မန္တလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီက လျှပ်စစ်မီးပေးဝေမှုများ အချိန်ထပ်မံလျှော့ချလိုက်ပြီး ဓာတ်အားပြတ်တောက်မှု ဆိုးရွားနေကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးကဏ္ဍကိုလည်း ကောင်းစွာ​ဖြန့်ဖြူးနိုင်ခြင်းမရှိသည့် စစ်ကောင်စီသည် မန္တလေးမြို့တွင် ဖေဖော်ဝါရီတတိယပတ်မှစတင်ကာ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှု ထပ်မံလျှော့ချလိုက်သည်။

ဖေဖော်ဝါရီ၂၃ ရက်မှစတင်ကာ မန္တလေးခရိုင် အတွင်း A၊B၊C အုပ်စု သုံးစုခွဲ၍ တစ်အုပ်စုလျှင် တစ်ကြိမ် ၄နာရီနှုန်းဖြင့် တစ်ရက်လျှင် နှစ်ကြိမ်သာ လျှပ်စစ်မီး ရရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ရုံးများက ကြေညာသည်။

“အရင်ကတည်းကလည်း မမှန်ဘူး။ အခုပိုဆိုးသွားတာ။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်က တစ်ရက်လျှင် ၈နာရီ လျှပ်စစ်မီးပေးမည်ဆိုသော်လည်း အပြည့်အဝရရှိခြင်းမရှိကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“တစ်နေ့ ၈နာရီ ပေးရမှာ။ ဒါပေမဲ့ အချိန်ထက်ခိုးတော့ ၃နာရီပဲရတယ်။ လာချိန်အတော်နောက်ကျပြီး ပြတ်ချိန်မှန်တယ်။ ရေတောင် တင်မရလို့ ချွေတာသုံးနေရတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေ၍ လျှပ်စစ်မီးဖြင့်အလုပ်လုပ်ကိုင်နေရသော စက်မှုလုပ်ငန်းများ အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်ဟု လုပ်ငန်းရှင်အချို့က ဆိုသည်။

“၄နာရီပြည့်အောင် မလာပါဘူး။နာရီဝက်လာပြီး ပြန်ပြတ်သွားတာ တနေကုန်ပဲ။ ညကျတော့လည်းမလာဘူး။ မနက်လည်းမလာ ညလည်းအ​မှောင်ပါ။ ဘာအလုပ်မှလုပ်လို့မရတော့ဘူး။”ဟု မြို့ခံစက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မန္တလေးမြို့၌ ဆောင်းတွင်းကာလ နိုဝင်ဘာမှ ဇန်နဝါရီအတွင်း တစ်ရက်လျှင် အချိန် ၄ နာရီမှ ၆ နာရီကြား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုရှိခဲ့သည်။

Photo: လျှပ်စစ်မီးပြတ်တောက်နေသည့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်း တစ်နေရာ


Comments

Leave a Reply

Your email address will not be published. Required fields are marked *