ရခိုင်တွင် ကျုံပျော်အခြေစိုက် ခလရ-၃၆ တပ်ရင်း တစ်ခုလုံးနီးပါး သေဆုံး၍ မိသားစု များက အလောင်းမပါဘဲ မြေချဆွမ်းသွပ်ခဲ့ရ

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ဧရာ၀တီတိုင်း ကျုံပျော်အခြေစိုက် ခြေလျင် တပ်ရင်းမှ တပ်ရင်းတစ်ရင်း လုံးနီးပါးသေဆုံးခဲ့သည့်အတွက် တပ်မိသားစု များက နေအိမ်တွင်အလောင်းမပါဘဲ မြေချဆွမ်းသွပ်ခဲ့ရကြောင်း တပ်မိသားစု၀င် များထံက သိရသည်။

ဧရာ၀တီတိုင်း ကျုံပျော်အခြေစိုက် ခလရ-၃၆ မှ တပ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့ သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရမ်းဗြဲမြို့သို့ စစ်ကူသွားရောက်စဉ် ရက္ခိုင့်တပ်တော် (AA) ၏ တိုက်ခိုက်မှု ခံခဲ့ရပြီး ၆၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များ တွင်လည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂၀ ကျော်ထပ်မံ သေဆုံးခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ရခိုင်ရှေ့တန်းမှာ သေလို့ဆိုပြီး အလောင်းမပါဘဲ ဘုန်းကြီးပင့်ပြီး မြေချသပိတ် သွပ်နေရတယ်။ ၂၄ ရက်နေ့က သေတယ်လို့ သတင်းကြားတဲ့လူတွေ ၂၆ ရက်နေ့မှာ သပိတ်သွပ်တယ်။ ထပ်သေတာတွေလည်းရှိတော့ ဘုန်းကြီးက အတူပေါင်းပြီး မြေချ တရားနာပေးနေရတယ်။ တပ်ရင်းတစ်ရင်းလုံးနီးပါး ပါသွားတယ်လို့ ကြားတယ်”ဟု ဧရာ၀တီတိုင်းရှိ တပ်တွင်း မိသားစု၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့သို့ စစ်ကောင်စီက အနောက် တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည့် ဧရာ၀တီတိုင်း ကျုံပျော်မြို့ အခြေစိုက် ခလရ-၃၆ တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်လက်အောက်ခံ အမ်း‌အခြေစိုက် ခမရ-၃၇၃ တပ်ရင်းတို့ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က စစ်ကူအဖြစ် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ရမ်းဗြဲသို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ရာ ၃ ရက်အတွင်း စစ်ကောင်စီတပ်မှ အင် အား ၈၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

စစ်ကောင်စီက ရဟတ်ယာဉ် လေးစင်း ဖြင့် စစ်ကူများလာ ရောက်ချထားပေးခဲ့ ခြင်းဖြစ်ပြီး တိုက်ခိုက်ခြင်းပင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ကစဉ့်ကလျား ထွက်ပြေးခဲ့ ကြသည့်အတွက် AA က လိုက်လံ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီက ခလရ- ၃၆ တပ်ရင်းမှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များထံ လေကြောင်းမှ Y-12 လေယာဉ်ဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ခဲ့သည်ကိုလည်း AA က ကြားဖြတ်ရယူနိုင်ခဲ့ကြောင်း သိရ သည်။

ပုံစာ- ကျုံပျော် ခလရ ၃၆ တပ်ရင်းနှင့် အမ်း ခမရ ၃၇၃ထံသို့ စစ်ကူပို့သည့် လက်နက်များကို AAရရှိထားစဥ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *