စစ်ကောင်စီတပ် ကျေးရွာအတွင်း သေနတ်ပစ်ခတ်၍ သံတံတားကျေးရွာ ရာအိမ်မှူးတစ်ဦး သေဆုံး

မံစီမြို့နယ်၊ သံတံတားကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ကျေးရွာအတွင်း သေနတ်ပစ်ခတ်သည့်အတွက် ကျေးရွာရာအိမ်မှူး သေဆုံးခဲ့ကြောင်း သိရသည်။

မံစီဘက်မှ စီခမ်းကြီးဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ သံတံတားကျေးရွာထိပ်တွင် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“တပ်က မံစီတပ်ဖြစ်မယ်ထင်တယ်။ မံစီဘက်ကနေ စစ်ကြောင်းထိုးလာတာ။ စီခမ်းကြီးလား၊ မိုင်းခေါင်တပ်ကိုသွားမလား မသိသေးဘူး။”

အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းကပြောသည်။

“အထိအခိုက်က စစ်တပ်ဘက်က ရှိမယ်ထင်တယ်။ သူတို့ကအဝင်၊ ဒီဘက် (KIA+PDF) ဘက်ကအထွက်။ ကိုယ့်ဘက်က ဦးအောင်ရှယ်ပစ်လိုက်ရတဲ့အတွက် ဒီကောင်တွေ ထိလောက်တယ်။”

KIA ပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက် စစ်တပ်ကလက်နက်ငယ် ရမ်းသမ်းပစ်ခတ်ပြီး သံတံတားကျေးရွာအတွင်း ဝင်ရောက်ရာ ရာအိမ်မှူးမှာ ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့သလို၊ တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ထိမှန်ခြင်းကြောင့် အရပ်သားနေအိမ် နှစ်လုံးမီးလောင်ပျက်စီးခဲ့သည်ဟု စစ်ရှောင်ပြည်သူတစ်ဦးက ဆိုသည်။

“ရာအိမ်မှူးတစ်ဦး ကျည်ထိမှန်သေဆုံးတယ်။ နေအိမ် ၂ လုံးမီးလောင်တယ်။”

လေကြောင်း တိုက်ခိုက်မှုလည်းရှိခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် နာရီဝက်အကြာတွင် တိုက်လေယာဉ်ဖြင့် တစ်ကြိမ်၊ ည ၈ နာရီခွဲတွင် နောက်ထပ် ၂ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် သံတံတားကျေးရွာသည် ဖေဖော်ဝါရီ ၂၀ ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူခဲ့သည့် စီခမ်းကြီးကျေးရွာအထက်ဘက်တွင် တည်ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *